အာရှရဲ့ဒေသအများစုမှာတော့ မေလဟာ ပူပြင်းတဲ့ ရာသီဥတုအဖြစ် ရှိနေတုန်းပါ။ ဒါကြောင့်လည်း အပူရှောင်လိုသူတွေက ကမ်းခြေလို နေရာမျိုးတွေကို ခရီးထွက်လေ့ ရှိကြပါတယ်။ အာရှရဲ့ ဘယ်ဒေသတွေဟာ အပူရှောင်လို့ကောင်းလဲ ဆိုတာနဲ့ ပတ်သက်ပြီး နေရာအချို့ကို မိတ်ဆက်ပေးချင်ပါတယ်။
(၁) Bali (Indonesia)
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဘာလီကျွန်းဟာ မေလမှာသာမက ဇွန်လမှာပါ ခရီးထွက်လို့ကောင်းတဲ့ နေရာ တနေရာပါ။ မေလဟာ ပူပြင်းတဲ့ လတလ ဖြစ်တဲ့အတွက်လည်း အပူရှောင်လိုသူတွေအနေနဲ့ ဘာလီကျွန်းကို ခရီးထွက်တာက အကောင်းဆုံးပါ။ ဘာလီကျွန်းကို ခရီးထွက်သူတွေအဖို့တော့ ရေအောက် အသက်ရှုကိရိယာနဲ့ ရေငုပ်နိုင်သလို စိတ်လှုပ်ရှားစရာကောင်းတဲ့ တောင်တက်ခရီးတွေအပြင် ပင်လယ်ပြင်မှာ လှိုင်းစီးနိုင်ပါသေးတယ်။
ဘာလီကျွန်းမှာ ဒီအရာတွေအားလုံး ပြုလုပ်ဖို့ဆိုရင် မေလထက် ကောင်းတဲ့လ မရှိတော့ပါဘူး။ နောက်ထပ် အကောင်းဆုံး အရာတခုကတော့ မေလမှာဆိုရင် ဟိုတယ်ဈေးနှုန်းတွေကလည်း သင့်တင့်မျှတမှု ရှိပါတယ်။
(၂) Pokhara (Nepal)
မေလမှာ ခရီးရှည် လမ်းလျှောက်ထွက်ချင်သူတွေ အနေနဲ့ကတော့ နီပေါနိုင်ငံရဲ့ Pokhara ကို ခရီးထွက်တာ အကောင်းဆုံးပါ။ Pokhara မြို့ဟာ နီပေါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တမြို့ပါ။ မေလမှာဆိုရင် Pokhara တောင်ကုန်းတွေဆီ ခရီးရှည် လမ်းလျှောက်ထွက်ရတာကလည်း အဆင်ပြေပါတယ်။ မေလကုန်ခါနီးအထိ မိုးရွာလေ့ မရှိတဲ့အတွက်လည်း Pokhara မြို့ရဲ့ရာသီဥတုက သာသာယာယာပါပဲ။
ဒါကြောင့် မေလမှာ အပန်းဖြေခရီး ထွက်လိုသူတွေအတွက်ပဲဖြစ်ဖြစ် တောင်ကုန်း တောင်တန်းတွေဆီ ခရီးရှည် လမ်းလျှောက်ထွက်လိုသူတွေ အတွက်ပဲဖြစ်ဖြစ် နီပေါနိုင်ငံ၊ Pokhara မြို့ဆီ ခရီးထွက်တာက အကောင်းဆုံးပါ။
(၃) Seoul (South Korea)
မေလမှာ နောက်ထပ် ခရီးထွက်လို့ကောင်းတဲ့ နေရာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့ပါ။ နွေဦးမှာဆို တောင်ကိုရီးယားနိုင်ငံရဲ့ ကျေးလက်ဒေသတွေဟာ အစိမ်းရောင်နဲ့ ပန်းရောင်ရှိတဲ့ ပန်းတွေက လွှမ်းမိုး နေတတ်သလို ချယ်ရီပန်းတွေကလည်း အများအပြား ပွင့်နေပါပြီ။ ဆိုးလ်မြို့ရဲ့ အပူချိန်ကလည်း ၁၇ ဒီဂရီ စင်တီဂရိတ်ထက် မပိုတဲ့အတွက် ရာသီဥတုကလည်း သင့်တင့် မျှတနေပါတယ်။
အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအဖို့ကတော့ အမျိုးသားယျာဉ်တွေဖြစ်တဲ့ Jirisan ၊ Songnisan နဲ့ Seoraksan မှာ လမ်းလျှောက်တာက အကောင်းဆုံးပါ။
(၄) Boracay Island (Philippines)
Boracay ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျော်ကြားတဲ့ ကျွန်းတကျွန်းပါ။ မေလမှာ အပန်းဖြေခရီး ထွက်လိုသူတွေ အနေနဲ့ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ Boracay ကျွန်းကို ခရီးထွက်တာကလည်း အဆင်ပြေစေပါလိမ့်မယ်။ ဒီကျွန်းမှာဆိုရင် အပန်းဖြေစခန်းတွေ၊ စားသောက်ဆိုင်နဲ့ ဘားတွေကိုလည်း ထားပေးထားပါတယ်။
(၅) Paro (Bhutan)
ဘူတန်နိုင်ငံရဲ့ Paro မြို့ဟာ မေလအတွင်းမှာ ခြောက်သွေ့နေပေမယ့်လည်း သာယာနေတုန်းပါပဲ။ ဒီအချိန်ဆိုရင်တော့ တောင်ဇလပ်ပန်းတွေလည်း ပွင့်စပြုနေပါပြီ။ တကယ်တော့ မေလဟာ Paro မြို့တမြို့တည်းတင်မက ဘူတန်တနိုင်ငံလုံးကိုပါ ခရီးထွက်လို့ ကောင်းပါတယ်။ Paro မြို့မှာဆိုရင် စိမ်းလန်းစိုပြေတဲ့ သစ်တောတွေ၊ ရာစုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခံတပ် အပျက်အယွင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။
Ref: traveltriangle