တနှစ်ကို တကြိမ် အနည်းဆုံး ကိုယ်မရောက်ဖူးတဲ့ နေရာတွေဆီ ခရီးထွက်တာ ကောင်းတယ် ဆိုပေမယ့် ခရီးထွက်တဲ့အခါ နေစရိတ်၊ စားစရိတ်၊ သွားလာ ကုန်ကျစရိတ်တွေပါ ထည့်တွက်ရပါတယ်။
ခရီးတခု ထွက်မယ်ဆိုရင် အထူးသဖြင့် နိုင်ငံခြား ခရီးအတွက် ကုန်ကျမယ့် စရိတ်တွေဟာ သာမန် ဝန်ထမ်းတယောက်၊ ကျောင်းသားတယောက်အတွက် များနေတတ်ပါတယ်။ ဒါပေမဲ့လည်း သေချာစိစစ်ပြီး သွားမယ်ဆိုရင် စရိတ်အသက်သာဆုံးနဲ့ သွားလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။
နိုင်ငံခြားသွားရင် အဓိက ထည့်စဉ်းစားရမယ့် အချက်ကတော့ တည်းခိုစရိတ်ပါ။ ဘယ်နေရာမှာ တည်းမလဲ၊ ဘယ်လောက် ကုန်မလဲ၊ ဘယ်နှရက် နေမလဲ စတဲ့အချက်တွေကို စဉ်းစားထားဖို့ လိုပါတယ်။ ဒါကြောင့် စရိတ် သက်သက်သာသာနဲ့ ခရီးသွားမယ်ဆိုရင်တော့ အဆင့်မြင့် ဟိုတယ်တွေကို ရှောင်ပြီး စရိတ်နည်းတဲ့ Hostel တွေမှာ တည်းဖို့ အကြံပေးချင်ပါတယ်။
Hostel ဆိုတိုင်း လူအများနဲ့ စုတည်းရလို့ သက်သောင့်သက်သာ မရှိဘူး မထင်လိုက်ပါနဲ့။ သန့်ရှင်း သပ်ရပ်ပြီး အရွယ်မရွေး နေလို့ အဆင်ပြေတဲ့ Hostel တွေ အများကြီးပါ။ တချို့ဆို ဟိုတယ်တွေထက်တောင် ပိုကောင်းတဲ့ နေရာတွေ ရှိပါတယ်။ ဒါကြောင့် စရိတ်နည်းနည်းနဲ့ နေလို့ကောင်းမယ့် Hostel တွေကို စုံစမ်းချင်တယ်ဆိုရင် Hostelworld ဒါမှမဟုတ် Hostelz ဆိုဒ်တွေမှာ တခုချင်းစီရဲ့ ဈေးနှုန်းတွေနဲ့ Review တွေကို လေ့လာကြည့်လို့ ရပါတယ်။
တည်းခိုစရိတ်ပြီးရင် နောက်ထပ် စိစစ်ရမှာက စားသောက် စရိတ်ပါ။ ဘတ်ဂျက်ခရီးဖြစ်လို့ မြင်ရာ စားသောက်ဆိုင်ဝင်ပြီး စားလို့တော့ မဖြစ်ပါဘူး။ စားသောက်ဆိုင်ကြီးတွေရဲ့ လက်ရာတွေက အရသာရှိတယ် ဆိုပေမယ့်လည်း လမ်းဘေးဆိုင်နဲ့ ဈေးထဲက ဆိုင်တွေလောက်တော့ ဈေးမသက်သာပါဘူး။ ဒါကြောင့် စရိတ်နည်းနည်းနဲ့ ဗိုက်ဖြည့်ချင်တယ်ဆိုရင် ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တွေက အသင့်စားအစားအစာတွေ ရွေးချယ်နိုင်သလို ဈေးသက်သာတဲ့ လမ်းဘေးဆိုင်တွေဘက်ကို ခြေဦးလှည့်သင့်ပါတယ်။
ဘတ်ဂျက်ခရီးသွား အထူးသဖြင့် Backpacker ခရီးသွားတွေကို ကြည့်လိုက်ရင် ကျောပိုးအိတ်ကြီးတလုံး သယ်ပြီး လျှောက်သွားနေတာမျိုး မြင်ဖူးကြမှာပါ။ Hostel မှာတည်းတာဖြစ်လို့ ခရီးဆောင်အိတ်တွေ အများကြီး အဆင်မပြေသလို၊ ကိုယ်သွားချင်တဲ့နေရာကို အလွယ်တကူ ပြောင်းနိုင်အောင် လိုအပ်တဲ့ ပစ္စည်းလောက်ပဲ ယူလာကြတာပါ။
တနေရာက တနေရာ ပြောင်းပြီဆိုရင် ကိုယ့်အထုပ်ကို အလွယ်တကူ သယ်သွားလို့ရအောင် မလိုအပ်တဲ့ ပစ္စည်းတွေ မယူခဲ့ပါနဲ့။ လေယာဉ်လက်မှတ် ဝယ်ရင်လည်း ခရီးဆောင်အိတ်တွေ များရင် Hand Carry အပြင် အပိုထပ်ဆောင်း ဝယ်ရလို့ ဖြစ်နိုင်ရင် တနိုင်သယ်လို့ ရမယ့် အိတ်လောက်ပဲ ယူလာပါ။
ပြည်တွင်းမှာ အသုံးပြုနေတဲ့ SIM card တွေကို နိုင်ငံရပ်ခြား ရောက်တဲ့အခါ သုံးလို့ ရအောင် Roaming လုပ်ကြပါတယ်။ ဘယ်လိုပဲ Roaming စရိတ် သက်သာပါတယ်ဆိုဆို အလည်အပတ်သွားတဲ့ နိုင်ငံက SIM card ကို သုံးတာ အကုန်အကျ ပိုသက်သာပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် နိုင်ငံခြားသားတွေအတွက် တပတ်စာ၊ ၁၀ ရက်စာ၊ တလစာ စသဖြင့် အသုံးပြုနိုင်တဲ့ တခါသုံး SIM card တွေ ရှိပါတယ်။
နိုင်ငံရပ်ခြားမှာ လမ်း မကျွမ်းကျင်တဲ့အခါ ကိုယ်သွားချင်တဲ့နေရာကို အလွယ်ကူဆုံး ရောက်နိုင်တဲ့ နည်းလမ်းကတော့ တက္ကစီ စီးလိုက်တာပဲပေါ့။ ဒါပေမဲ့လည်း တက္ကစီ တကြောင်းစာ စရိတ်က အများပြည်သူသုံးယာဉ်တွေထက် ၄၊ ၅ ဆလောက် ပိုများနေတတ်လို့ ဖြစ်နိုင်ရင် Local သုံး ရထားကတ်တွေ လုပ်ထားပါ။ အချိန်ကုန်တယ် ဆိုပေမယ့်လည်း စရိတ်နည်းနည်းနဲ့ လိုရာခရီး ရောက်နိုင်တာပဲလေ။
ခရီးသွားတွေအတွက်ဆိုပြီး ဆွဲဆောင်ထားတဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။ တချို့ဆိုင်တွေက နိုင်ငံခြား ခရီးသွားတွေကို တပတ် လှည့်ပြီး ဈေးသက်သာသလိုနဲ့ ရောင်းတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် သေချာ စုံစမ်းပြီးမှ စိစစ်ရွေးဝယ်တာ အကောင်းဆုံးပါပဲ။
Ref: The New York Times