“ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့ စကားအတိုင်းပဲ ဂျပန်နိုင်ငံကို သွားလည်မယ်ဆိုရင် သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ ရှောင်ကြဉ်ရမယ့်အချက်တွေ ရှိပါတယ်။ တခြားနိုင်ငံတွေနဲ့မတူ ကျင့်သုံးတဲ့ အပြုအမူ၊ စည်းကမ်း တွေကို ဂျပန်နိုင်ငံမသွားခင် ကြိုတင်သိထားဖို့ လိုပါတယ်။
ဂျပန်နိုင်ငံမှာ အနောက်နိုင်ငံတွေလို အိမ်ထဲကို အပြင်စီးဖိနပ်စီးပြီး မဝင်ရပါဘူး။ သေချာသန့်ရှင်းထားတဲ့ ကြမ်း ပြင်တွေနဲ့ တာတာမီလို့ခေါ်တဲ့ ကောက်ရိုးဖျာတွေ အပြင်က ဖုန်မှုန်တွေကြောင့် ညစ်ပေသွားမှာဆိုးလို့ပါ။ အိမ် တိုင်းလိုလို အထဲဝင်မယ်ဆိုရင် ဂမ်ကန်လို့ခေါ်တဲ့ အပြင်စီးဖိနပ်ကိုချွတ်ပြီး အိမ်တွင်းစီး ဖိနပ်အပါးပြောင်းစီးဖို့ နေရာလေးတွေ ထားတတ်ပါတယ်။
နောက်ထပ်တချက်ကတော့ ဂျပန်လူမျိုးတိုင်းလိုလို လမ်းလျှောက်ရင်း အစားစားလေ့မရှိပါဘူး။ တခြားနိုင်ငံတွေ မှာလို လက်က အစားအသောက်ကိုင်စားပြီး လမ်းလျှောက်နေတဲ့သူတွေကို ဂျပန်မှာ မြင်ရဖို့မရှိပါဘူး။ သူတို့က အစားစားမယ် ဆိုရင် ခုံနဲ့သေချာထိုင်ပြီး စားလေ့ရှိပါတယ်။ လမ်းဘေးဆိုင်လေးတွေမှာတောင် ထိုင်စားဖို့ ခုံတွေ ချပေးထားပါတယ်။
ဂျပန်မသွားခင် မဖြစ်မနေသိရမှာကတော့ သူတို့ရဲ့ တူကိုင်ပုံကိုင်နည်းပါပဲ။ ဂျပန်လူမျိုးတွေက တူကိုင်နည်းတွေကို စနစ်တကျသတ်မှတ်ထားပါတယ်။ ဥပမာ – တူကို အစားအသောက်ပေါ်ကနေ ရမ်းတာမျိုးမလုပ်ရသလို၊ တူ နဲ့ ခုံခေါက်တာ၊ တခြားသူတွေနဲ့ ဓါးလိုမျိုး ကစားတာမျိုးကို တားမြစ်ထားပါတယ်။ ဘယ်တော့မှ ထမင်းပန်းကန် ပေါ်မှာ x ပုံစံ ဒါမှမဟုတ် ထောင်တင်ထားတာမျိုး မလုပ်ရပါဘူး။
ဂျပန်က ထူးခြားတဲ့စားသောက်ပုံကိုတော့ တချို့နိုင်ငံခြားသားတွေ အံ့သြသင့်ကြပါတယ်။ များသောအားဖြင့် တော့ အစားအစာရင် အသံမထွက်ရဘူးဆိုတဲ့ စားသောက်ပုံယဉ်ကျေးမှုတွေ ရှိကြပေမယ့် ဂျပန်မှာတော့ ခေါက်ဆွဲကို အသံမြည်အောင် စားတာမျိုး၊ ထမင်းစားတဲ့အခါ အသံထွက်တာမျိုးကို လက်ခံကြပါတယ်။
အရက်ယဉ်ကျေးမှုကတော့ လူမှုအသိုင်းအဝိုင်းဆက်ဆံရေးမှာ မပါမဖြစ် အရာပါပဲ။ ဒါကြောင့် မိတ်ဆွေဂျပန်လူ မျိုးတွေနဲ့ ဝိုင်းဖွဲ့သောက်ကြတဲ့အခါ သိထားသင့်တဲ့အချက်တွေရှိပါတယ်။ ဘယ်တော့မှ ကိုယ့်ခွက်ထဲကို ကိုယ့် ဘာသာ ပြန်ဖြည့်တာမျိုး မလုပ်ပါနဲ့။ တဖက်လူက လေးစားသမှုနဲ့ ဖြည့်ပေးတာကိုပဲ လက်ခံပါ။ ကိုယ်ကလည်း ပြန်ပြီးတော့ လက်နှစ်ဖက်နဲ့ ဖြည့်ပေးပါ။
ဂျပန်မှာတော့ ဘောက်ဆူးပေးတာမျိုးကို လက်မခံကြပါဘူး။ သက်ဆိုင်ရာဝန်ထမ်းတွေကို လခအပြည့်အဝပေး ပြီးသားမို့ ပိုငွေကို ဘောက်ဆူးအနေနဲ့ပေးတာမျိုးဟာ မယဉ်ကျေးရာရောက်ပါတယ်။ ဒါကြောင့် တက္ကစီဒရိုင်ဘာ၊ ဆံပင်ညှပ်သမား၊ စားပွဲထိုးတွေကို ဘောက်ဆူးမပေးမိပါစေနဲ့။
လူအများရှိတဲ့နေရာ အထူးသဖြင့် လူထူထပ်တဲ့ ဘတ်စ်ကားပေါ်၊ ရထားနဲ့ လမ်းမပေါ်မှာ ဖုန်းအကျယ်ကြီးပြောတာဟာ မယဉ်ကျေးရာရောက်ပါတယ်။ ဒါကြောင့် တခြားသူတွေနဲ့ရှိနေတဲ့အချိန်မှာ လေးစားသမှုနဲ့ ဖုန်းကို အသံတိတ်ထားပါ။ မဖြစ်မနေဆက်ရမယ်ဆိုရင်လည်း အသံလျှော့ပြီး တခြားနေရာထွက်ပြောလိုက်ပါ။
အမှိုက်ပစ်တာကတော့ အတင်းကြပ်ဆုံးတားမြစ်ထားတဲ့ စည်းကမ်းပါပဲ။ နောက်ထပ်ထူးခြားတာကတော့ သန့် ရှင်းသပ်ရပ်နေတဲ့လမ်းမတွေပေါ်မှာ အမှိုက်ပုံးတွေ အများအပြားမတွေ့ရတာပါ။ ဂျပန်လူမျိုးတွေက ပစ်စရာရှိတဲ့ အမှိုက်ဆိုလည်း ကိုယ့်အိတ်ထဲထည့်လာကြပြီး အိမ်ရောက်မှပဲ ပစ်လေ့ရှိပါတယ်။
Ref: Japan Insides