မြန်မာနိုင်ငံရှိ တိုင်းနဲ့ ပြည်နယ်တွေထဲမှာ အကြီးမားဆုံး ပြည်နယ်တခု ဖြစ်တဲ့ ရှမ်းပြည်နယ်ဟာ ၆၀၁၅၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရှမ်းကုန်းပြင်မြင့်ဟာ ပျှမ်းမျှ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀- ၄၀၀၀ ကျော်အထိ မြင့်မားကြပြီး ရေတံခွန်တွေများစွာနဲ့ သာသာယာယာရှိတဲ့ ပြည်နယ် တခုပါ။
တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ချမ်းအေးတဲ့ ရာသီဥတုမျိုး ရှိခဲ့သော်လည်း အခုအခါမှာတော့ တောရိပ်တောင်ရိပ်တွေ နည်းပါးလာပြီး အပူချိန်မြင့်တက်လာတာကို ကြုံတွေ့နေရပါတယ်။ ကုန်းမြေ အနိမ့်အမြင့်အလိုက် ရာသီဥတုအေးမြတဲ့ အရပ်ဒေသတွေမှာ ထင်းရှူးပင်တွေ ဝေဆာနေပေမယ့် မြေနိမ့်ပိုင်းမှာရှိကြတဲ့ ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ် စတဲ့ ဒေသတွေမှာတော့ ရာသီဥတု ပူအိုက်ပြီး အုန်းပင်၊ ထန်းပင်တွေ ပေါက်ရောက်တာကိုလည်း တွေ့ရပါတယ်။
ရှမ်းပြည်နယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေကတော့ အကြမ်းအားဖြင့် ဓနု၊ အင်းသား၊ တောင်ရိုး၊ အဇီး၊ လရှီ၊ မရူ၊ လီဆူး၊ လားဟူ၊ အီကော်၊ ရှမ်း၊ ရှမ်းတရုတ်၊ ပအိုဝ်း၊ ယင်းနက်၊ ယင်းကြား၊ ယင်းဆက်၊ ပလောင် စတဲ့လူမျိုးတွေပါ။ တိုင်းရင်းသားတွေရဲ့ အဓိက လုပ်ငန်းကတော့ လက်ဖက်ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အများဆုံး ထွက်ရှိပါတယ်။
ခရီးလမ်းပန်း ဆက်သွယ်ရေးအနေနဲ့ မြို့ကြီးတွေအတွက် လွယ်ကူပေမယ့် သွားရလာရ ခက်ခဲတဲ့ အစွန်အဖျားဒေသတွေလည်း ရှိနေပါသေးတယ်။ တချို့ဒေသတွေကတော့ ည ၆ နာရီကျော်တာနဲ့ ဖြတ်သန်းခွင့်မပြုတော့ပါဘူး။
ခိုလမ်မြို့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မြို့တမြို့ပါ။ အရင်တုန်းကတော့ ကျေးရွာ အဆင့်သာရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။ ခိုလမ်မြို့ဟာ မြို့ငယ်လေး တမြို့ ဆိုပေမယ့် လမ်းပန်းဆက်သွယ်ရေးမှာ အချက်အချာကျတဲ့ မြို့တမြို့ပါ။
ခိုလမ်မြို့ကနေတဆင့် ကျိုင်းတောင်း၊ မိုင်းရှူး၊ ကျိုင်းတုံ စတဲ့မြို့တွေကို သွားရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း ခိုလမ်မြို့ဟာ လမ်းပန်းဆက်သွယ်ရေးမှာ အချက်အခြာကျတဲ့မြို့လို့ ဆိုရခြင်းပါ။ အခုဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြိုတမြို့ဖြစ်လာခဲ့ပါပြီ။
ခိုလမ်မြို့မှာ လည်ပတ်စရာတွေအနေနဲ့ နမ့်မောင်းရေတံခွန်၊ နောင်ဖာရေကန် စသဖြင့် ရှိပါသေးတယ်။ အားလပ်ရက်လို အချိန်မျိုးတွေမှာ အနီးအနားမြို့ ရွာတွေသာမက ရပ်ဝေးကပါ ခိုလမ်မြို့ကို အပန်းဖြေခရီးလာရောက် လည်ပတ်လေ့ ရှိပါတယ်။ အဓိက လည်ပတ်ကြတဲ့ နေရာတွေကတော့ နမ့်မောင်းရေတံခွန်နဲ့ နောင်ဖာကန်ပါ။
ခိုလမ်မြို့ အနီးပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲမှာ ပလောင်လူမျိုးတွေ နေထိုင်ကြတဲ့ကျေးရွာတွေလည်း အများအပြားပါပဲ။ ခိုလမ်ကနေ ကျိုင်းတုံလမ်းဘက်ကိုအထွက် ၁၀ မိုင် လောက်သွားလိုက်ရင် မက်မွန်လောင်းဆိုတဲ့ ပလောင်ရွာ တရွာကို တွေ့ရပါမယ်။
အဲဒီရွာကို ရောက်ဖူးချင်တဲ့အတွက် ခိုလမ်မြို့မှာ စုံစမ်းကြည့်တဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးဆီက ခွင့်ပြုချက်ယူသင့်တယ်လို့ ဆိုတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ရောက်ခဲ့ရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တွေ့တော့ အသာတကြည်ပဲ သွားရောက်လည်ပတ်ခွင့်ပြုပါတယ်။ သက်ဆိုင်ရာ ကျေးရွာဥက္ကဋ္ဌတွေက ခွင့်ပြုတယ်ဆိုရင် အလည်အပတ် သွားရောက်နိုင်ရုံတင်မက ဓာတ်ပုံရိုက်ခွင့်လည်း ရပါလိမ့်မယ်လို့လည်း ဆိုပါသေးတယ်။
မက်မွန်လောင်းကျေးရွာ ဥက္ကဋ္ဌ အိမ်ရောက်တော့ ထမင်းစားနေတာနဲ့ ကြုံရပါတယ်။ ထမင်းစားနေပေမယ့်လည်း ဧည့်ဝတ်မပျက်တာက တိုင်းရင်းသားတွေရဲ့ ဓလေ့ပါ။ သူတို့တွေ ထမင်းစားနေကြတုန်း ဓာတ်ပုံရိုက်ခွင့်တောင်းတော့ ဥက္ကဋ္ဌက အလွယ်တကူပဲ ခွင့်ပြုပါတယ်။
တိုင်းရင်းသားတွေရဲ့ဒေသတွေကို အလည်အပတ်သွားတဲ့အခါမှာ ဘာသာစကားက အခက်အခဲ ရှိတတ်ပါတယ်။ တချို့ ပလောင်တိုင်းရင်းသားတွေက ပလောင်စကားကလွဲပြီး ကျန်တဲ့စကား မပြောတတ်ကြပေမယ့် တချို့ကတော့လည်း ရှမ်းစကားပြောတတ်ပါတယ်။ အနည်းငယ်လောက်ကသာ ဗမာစကားကို တီးမိခေါက်မိပြောတတ်ကြပါတယ်။
မက်မွန်းလောင်းရွာ ဥက္ကဋ္ဌကတော့ ဗမာစကားကိုလည်း အတန်ငယ်ပြောဆိုနိုင်သူတယောက်ပါ။ ဒါပေမယ့်လည်း မက်မွန်လောင်းရွာကိုသွားတော့ ရှမ်းစကားပြောတတ်သူကိုပါ ခေါ်သွားခဲ့ရပါတယ်။ ဥက္ကဋ္ဌကြီးဟာ ဦးပေါ့နွေးလို့ နာမည်ရထားတဲ့ ပလောင်တိုင်းရင်းသားတယောက်ပါ။ သူဟာ အုပ်စုဥက္ကဋ္ဌလည်းဖြစ်ပြီး ပလောင်ကျေးရွာပေါင်း အတော်များများကို စီမံအုပ်ချုပ်နေသူ တယောက် ဖြစ်ပါတယ်။
ဦးပေါ့နွေးနဲ့ စကားပြောဆိုနေကြတုန်း ကျနော့်စိတ်ထဲ အထူးအဆန်းတခုကို ခံစားလာရပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ ခေါင်းတုံးတွေ ဖြစ်နေကြတာပါပဲ။ ခေါင်းတုံးကိုမှ ပုဝါ အဖြူ ပေါင်းထားတာကို တွေ့ရပါတယ်။ အဲဒီအကြောင်း ဦးပေါ့နွေးကို မေးကြည့်တဲ့အခါ သူက အခုလိုပဲ ရှင်းပြပါတယ်။
“အရင် စော်ဘွားတွေလက်ထက်တုန်းကတော့ လှတဲ့အမျိုးသမီးတွေကိုဆို ပျိုပျို၊ အိုအို စော်ဘွားတွေက တော်ကောက်လေ့ ရှိခဲ့ကြတယ်။ အဲဒီကစပြီး ခေါင်းတုံးတဲ့ အလေ့အကျင့် ဖြစ်လာခဲ့တယ်။ ခေါင်းတုံးထားလိုက်တော့ သူတို့စိတ်ထဲမလှတော့ဘူးလို့ထင်ကြပြီး တော်မကောက်ကြတော့ဘူးပေါ့။ စော်ဘွားတွေခေတ် ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ ဒီဓလေ့ဟာ အသွင်ပြောင်းလာခဲ့တယ်”
“ဘယ်လိုပြောင်းလာခဲ့လဲဆိုတော့ အိမ်ထောင်ကျပြီး ကလေးတယောက်မွေးပြီးသူ အမျိုးသမီးတွေဟာ ခေါင်းတုံးအဖြစ် နေလာခဲ့ကြတယ်။ ကျနော်ကတော့ ကျနော် အုပ်ချုပ်ရတဲ့ဒေသအတွင်းက ကလေးအမေတွေ ခေါင်းတုံးထားထား၊ မထားထား ဘာမှမပြောဘူး။ သူတို့သဘောပါပဲ” လို့ ဦးပေါ့နွေးက ရှင်းပြပါတယ်။
ပလောင်လူမျိုးတွေမှာ မျိုးနွယ်ပေါင်း ဘယ်လောက်ရှိသလဲဆိုတော့ “တော်တော်များတယ်”လို့ ဦးပေါ့နွေးက ဖြေပါတယ်။ ဘာသာစကားအနေနဲ့ကတော့ မြောက်ပိုင်းပလောင်နဲ့ တောင်ပိုင်းပလောင်တွေမှာ အတော်လေးကို ကွာခြားမှု ရှိတယ်။ တောင်ပိုင်းစကားကို မြောက်ပိုင်းက နားလည်ပေမယ့် မြောက်ပိုင်းစကားကိုတော့ သူ့အနေနဲ့ သိပ်နားမလည်ဘူးလို့ ဦးပေါ့နွေးက ဆိုပါတယ်။
ဘာသာရေးအနေနဲ့ကတော့ အားလုံးလိုလိုက ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေချည်းပါပဲ။ တောင်ပိုင်းမှာ နေထိုင်တဲ့ ပလောင်တွေအတွက် ထင်ရှားတဲ့ပွဲတော်ကတော့ ဝင်္ကပါပွဲတော်လို့ ဆက်ရှင်းပြပါတယ်။ ဒီပွဲတော်ကိုတော့ တပေါင်း၊ တန်ခူးနဲ့ ကဆုန်လတွေမှာ ကျင်းပလေ့ ရှိပါတယ်။ အဲဒီပွဲတော် ကျင်းပချိန်ဆိုရင်တော့ တရွာနဲ့တရွာ ဖိတ်လေ့ရှိကြပြီး ဖိတ်မထားတဲ့ ရွာကိုတော့ သွားလေ့ မရှိဘူးလို့ ဆိုပါတယ်။ ကျန်တဲ့ပွဲတော်တွေကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနဲ့ အညီကျင်းပကြတဲ့ ပွဲတော်တွေသာ ဖြစ်ပါတယ်။
ဦးပေါ့နွေးအိမ်က တော်တော်ကြီးကို ကြီးပါတယ်။ မိသားစုဝင်ပေါင်း ၃၀ ကျော်နေပြီး အိမ်ထောင်ကျ ပြီးသူတွေဟာ အဲဒီအိမ်ကြီးထဲမှာပဲ အိုးခွဲချက်စားကြတယ်လို့ သိရပါတယ်။ အိမ်ကျယ်ကြီးထဲမှာ မီးဖိုပေါင်းက ၄ ၊ ၅ ဖိုလောက် ရှိတယ်။ ဦးပေါ့နွေးတို့ မိသားစု ထမင်းစားနေတဲ့အချိန် ဟိုဘက်ထိပ်မှာလည်း အဘွားတယောက် ထမင်းစားနေတာကို တွေ့ခဲ့ရပါသေးတယ်။
တကယ်တော့ ဒီအိမ်ကြီးကိုဆောက်ခဲ့တုန်းက ခုလိုအကြီးကြီးဆောက်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုတွေ တိုးပွားလာတဲ့အခါ အိမ်ဆက်ရင်း ဆက်ရင်းနဲ့ ခုလို ကြီးလာခဲ့တာလို့ ပြောပြပါတယ်။
မက်မွန်လောင်းရွာကိုရောက်တဲ့အချိန်မှာ ယောကျ်ားလေးအများစုက ယာထဲရောက်ကုန်ကြပါပြီ။ အရင် နောင်ဖာကန်ရောက်တုန်းက ဆုံခဲ့ရဖူးတဲ့ ဆံပင်ရှည်ရှည်ထားတဲ့ ပလောင် အမျိုးသားတွေကလည်း ဒီရွာကပဲလာလို့မေးကြည့်တော့ ဟုတ်တယ်လို့ ဦးပေါ့နွေးက ဖြေပါတယ်။ ဒီရွာမှာနေထိုင်ကြတဲ့ ပလောင်ယောကျ်ားလေးအများစုက ဆံပင်ကိုအရှည်ထားလေ့ ရှိကြပါတယ်။
အိမ်အောက်ထပ်ကို ဆင်းကြည့်တော့ ဦးပေါ့နွေး အမျိုးသမီးနဲ့ သူ့သမီး စက်ချုပ်နေတာကို တွေ့ရပါတယ်။ သူတို့ခါးမှာ ပတ်ထားတဲ့ ငွေကွင်းတွေ အကြောင်းမေးတော့ အလှသက်သက် တပ်ထားတာလို့ ပြောပြပါတယ်။
သူ့သမီးကလည်း အိမ်ထောင်ကျပြီး ကလေးရနေပြီဆိုတော့ ခေါင်းတုံးပြီး ပုဝါဖြူ ပတ်ထားတယ်။ ရွာထဲ အနည်းအကျဉ်း လည်ပတ်ပြီးတဲ့နောက်မှာတော့ ခရီးဆက်စရာတွေကလည်း ရှိနေသေးတာနဲ့ အုပ်စု ဥက္ကဋ္ဌ ဦးပေါ့နွေးကို နှုတ်ဆက်ပြီး ခရီးဆက်ခဲ့ကြပါတယ်။ စာရေးသူရဲ့ မျက်လုံးထဲတော့ ခြံခတ်မထားတဲ့ ဝက်တွေ ရွာအနှံ့လျှောက်သွားနေတာကို မြင်ယောင်နေပါတော့တယ်။ ။
You May Also Like These Stories :
ဧရာဝတီမြစ်နဘေးက ပုလွေဆရာတို့ရဲ့ စလေအညာ
ဗီယက်နမ်နိုင်ငံရဲ့ လှပတဲ့ Ba Ho ရေတံခွန်
မင်းတပ် အေးစခန်းမှသည် ခေါ်နူးစုမ် (ခ) နတ်မတောင်သို့
ဘာလင်မြို့ကို အလည်သွားသင့်တဲ့ အကြောင်းရင်းများ