တရုတ်ခရီးသွား ဧည့်သည်များသည် ကုန်သွယ်ရေး စစ်ကြောင့် အမေရိကန်နိုင်ငံသို့ လည်ပတ်ရန် ရှောင်ရှားကြပြီး ဥရောပ သို့ို ပိုမို ရွေးချယ် သွားရောက်နေကြကြောင်း အာရှရှိ အကြီးဆုံး အွန်လိုင်းခရီးသွား လုပ်ငန်း Ctrip ၏ အမှုဆောင် အရာရှိ ချုပ် ဂျိန်းဆန်း၏ အဆိုအရ သိရသည်။
ယမန်နှစ် အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ် စတင်ခဲ့ရာ တရုတ်နိုင်ငံ၏ အောက်တိုဘာ ပိတ်ရက်ရှည် အတွင်း အမေရိကန်သို့ တရုတ်ခရီးသွား ဧည့်သည် လာရောက်မှု လျော့နည်းသွားခဲ့ပြီး ကုန်သွယ်စစ် စေ့စပ်ဆွေးနွေးမှု ပြုလုပ် သည့် အချိန်မှသာ ပြန်လည် အဆင်ပြေသွားခဲ့ကြောင်း ဂျိန်းဆန်း က သောကြာနေ့ အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ပိတ်ရက်ရှည် ကာလ၌ တရုတ်နိုင်ငံ၏ နိုင်ငံရပ်ခြား ခရီးစဉ် ရွေးချယ်မှု ထိပ်တန်းစာရင်းတွင် အမေရိကန်သည် အဆင့် ၅ မှ အဆင့် ၁၀ သို့ ထိုးကျသွားခဲ့ကြောင်း Ctrip အဆိုအရ သိရသည်။
ယခင်နှစ် ကမ္ဘာ့ အလုပ်သမားနေ့ ပိတ်ရက်များတွင် အမေရိကန်သည် တရုတ်ခရီးသည်များ အတွက် လည်ပတ်ရန် အကြိုက်ဆုံး ဖြစ်ပြီး အဆင့်အရ ၅ ဖြစ်သော်လည်း ယခုနှစ်တွင် ၉တွင်သာရှိကြောင်း ဆိုသည်။
တရုတ် ခရီးသည်များသည် ၎င်းတို့ ငွေကြေးကို အီတလီနှင့် ဗြိတိန်ကဲ့သို့ ဥရောပနိုင်ငံများ တွင် သုံးရန်အတွက် ဖိတ်ခေါ်နေသည်ဟု ခံစား၍ ဖြစ်ကြောင်း ဂျိန်းဆန်းက လက်ခံယုံကြည်သည်။
“သူတို့ကို ဖိတ်ခေါ်တဲ့ နိုင်ငံတွေကို လူတွေက သွားချင်ကြတာ။ တရုတ်ခရီးသွားတွေမှာ ဝယ်ယူနိုင်စွမ်းတွေ ရှိနေတဲ့ အတွက် သူတို့က အမေရိကန် မသွားဖြစ်ရင်တောင် ဗြိတိန်၊ ဥရောပ၊ သြစတြေးလျ (ဒါမှမဟုတ်) နယူးဇီလန်တို့ တလှည့်စီ သွားနေကြပါတယ်။ တကယ်လို့ ခရီးသည်တွေ ပိုလာစေချင်တယ်ဆိုရင် အမေရိကန်အနေနဲ့ အင်မတန် ဂရုတစိုက်ရှိဖို့ အမှန်ပဲလိုအပ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ခရီးသည် အရေအတွက်နှင့် ငွေသုံးစွဲနိုင်မှု ပမာဏတို့ကြောင့် တရုတ်သည် ကမ္ဘာ့ခရီးသွား ဈေးကွက်အတွက် ပြည်ပ သွားလာနိုင်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ကြောင့် အမေရိကန်အခြေစိုက် စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ McKinsey မှ ထုတ်ပြန်သောအစီရင်ခံတစောင်အရ သိရသည်။
တရုတ်ခရီးသည်များသည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားခရီးစဉ်ပေါင်း သန်း ၁၆၀ သွားလာကြမည်ဖြစ်ပြီး သုံးစွဲနိုင်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၅ ဘီလီယံရှိလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
You may also like these stories:
တရုတ်နယ်စပ် စီးပွားရေးဇုန်များအတွက် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်
စက်သုံးဆီဈေး နှင့် ဒေါ်လာဈေးနှုန်းများ ဆက်တိုက် မြင့်လာ
ထရမ်၏ အခွန်စည်းကြပ်မှု အသစ် တရုတ် တုံ့ပြန်