Travel

မစ်ကီ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြေးဆွဲမယ့် ဂျပန်ကျည်ဆံရထား ခရီးစဉ် 

ဒီနေ့အချိန်ထိ ကလေးတွေကြားထဲမှာ ရေပန်းစားနေတဲ့ Disney ဇာတ်ကောင် မစ်ကီကို ဂျပန်နိုင်ငံက ကျည်ဆံ ရထားတွေမှာ မြင်တွေ့ခွင့်ရတော့မှာပါ။ မစ်ကီရဲ့ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျူရူးကျွန်း ခရီးစဉ်ကို မစ်ကီပုံတွေနဲ့ အလှဆင်ထားတဲ့ အတွဲ ၆ တွဲပါ ကျည်ဆံရထားတွဲတွေနဲ့ ပြေးဆွဲတော့ပါမှာ ဖြစ်ပါတယ်။

Walt Disney ကနေ ၁၉၂၈ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ မစ်ကီဟာ အခုဆိုရင် သက်တမ်း နှစ် ၉၀ ရှိပါပြီ။ Disney လာဘ်ကောင် အရုပ်လည်းဖြစ်တဲ့ မစ်ကီကို ဂုဏ်ပြုတဲ့အနေနဲ့ Shinkansen ကျည်ဆံရထားသစ် Series 800 အမျိုးအစားမှာ “Go! Waku Waku Trip with Mickey” လို့ ဂုဏ်ပြုစာတန်း ထိုးထားပြီး မေလ ၁၇ ရက်နေ့က စတင်ပြေးဆွဲနေပါပြီ။

မစ်ကီ နှစ် ၉၀ ပြည့်ကို ဂုဏ်ပြုပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကို ကျူရူးကျွန်းပေါ်မှာ မေလကနေ နိုဝင်ဘာထိ ပြေးဆွဲသွားမယ်လို့ စီစဉ်ထားပါတယ်။ ဒီလို ကာတွန်းဇာတ်ကောင်တွေကို အလှဆင်ထားတဲ့ ကျည်ဆန်ရထား ခရီးတွေကို အရင်ကလည်း “Hello Kitty Shinkansen” နဲ့ “Pikachu Train” ဆိုပြီး ပြေးဆွဲဖူးပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်းက ကျူရူးကျွန်းပေါ်ကို နွေရာသီခရီးစဉ်အဖြစ် မိသားစုလိုက် လာရောက် အပန်းဖြေနိုင်ဖို့ ဂျပန်မီးရထားကုမ္ပဏီက အထူးအစီအစဉ်အဖြစ် စီစဉ်လိုက်တာပါ။ ကျူရူးကျွန်းဟာ သဘာဝ အလှအပတွေနဲ့ ရာသီပေါ် အသီးအနှံတွေ၊ အထူးသဖြင့် အရသာရှိတဲ့ ဖရဲသီးထွက်ရာ ဒေသအဖြစ် နာမည်ကျော် ပါတယ်။ ရိုးရာအိုးလုပ်ငန်းကလည်း ဒီဒေသကို ထင်ရှားစေတဲ့ အမှတ်သင်္ကေတ တခုပါ။

Japan Rail နဲ့ Disney တို့ ပူးပေါင်းထားတဲ့ အစီအစဉ်ဖြစ်ပေမယ့် မစ်ကီ ရထားတွဲဟာ တိုကျိုက DisneyLand ကိုတော့ ရောက်မှာ မဟုတ်ပါဘူး။ မစ်ကီ ကျည်ဆံရထား အပြင်ပိုင်းကို အဝါရောင်အောက်ခံ ကျူရူးကျွန်းဆီ အားလပ်ရက် အပန်းဖြေခရီး ထွက်လို့ ပျော်ရွှင်မြူးတူးနေတဲ့ မစ်ကီ ပုံတွေနဲ့ သရုပ်ဖော်ဆွဲထားပါတယ်။ ဂျပန်နိုင်ငံက ကလေးတွေ နွေရာသီအပန်းဖြေ ခရီးထွက်တဲ့အခါ ဆောင်းလေ့ ရှိတဲ့ မြက်ဦးထုပ်ကိုလည်း ထည့်ဆွဲထားပါသေးတယ်။

 

မစ်ကီ ခရီးဆောင်အိတ်ထဲမှာတော့ ကျူရူးဒေသထွက် ဖရဲသီးတွေ၊ ရေချိုးဇလုံတွေ၊ မြေပုံတွေကိုလည်း သရုပ်ဖော် ဆွဲပေးထားပါတယ်။ အတွင်းပိုင်းမှာတော့ ခုံအစွပ်တွေကို မစ်ကီနားရွက်နဲ့ ဦးထုပ်ပုံလေးတွေနဲ့ အလှဆင်ထားပါတယ်။

ကျည်ဆံရထားတွဲထဲမှာတော့ ပရိသတ်တွေအတွက် ရထားစီးရင်း မစ်ကီပုံ မှတ်စုစာအုပ်၊ စာရေးကိရိယာ၊ ခရီးဆောင်အိတ်၊ သော့ချိတ်၊ ကျည်ဆံရထားပုံစံငယ် အရုပ်လေးတွေကို အမှတ်တရ ဝယ်ယူလို့ ရအောင် ရောင်းချပေးသွားမှာပါ။

Ref: Japan RailPass

You may also like these stories:

သင့်ကို ပျော်ရွှင်မှုရသ အပြည့်ပေးမယ့် Ralph Break The Internet

Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”

“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ

“Star Wars” ရုပ်ရှင်သစ်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ

Loading