အိမ်သေးလေးတွေကြားထဲက တူးမြောင်းကျယ်တွေထဲ လှေနဲ့ လည်ပတ်ကြည့်ရှုရင်း သဘာဝအလှကို ခံစားနိုင်တဲ့ မြင်ကွင်းတွေကြောင့် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ထဲကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်ကြပါတယ်။
တဖြည်းဖြည်း များပြားလာတဲ့ ဧည့်သည်တွေကြောင့် အမ်စတာဒမ်မြို့ကြီးရဲ့ လက်ခံနိုင်စွမ်းကို ကျော်လွန်ကာ ခရီးသွားတွေက မြို့တွင်းစီး စက်ဘီးတွေနဲ့ မြို့အနှံ့ လည်ပတ်နေတာကြောင့် မြို့ခံလူထုအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံလာရလို့ အခုတော့ ဒေသခံတွေက ခရီးသွားတွေကို စိတ်ပျက်စပြုလာကြပါပြီ။
“ကျမတို့ အမ်စတာဒမ်မြို့ကို ဗင်းနစ်လို အဖြစ်မခံနိုင်ပါဘူး။ အရမ်းကို ဖိအားတွေ များလာပါပြီ။ အဓိကပြဿနာက အမ်စတာဒမ်ကို ကမ္ဘာ့လှည့် ခရီးသွားတွေ မျက်စိကျလာတာကြောင့် အုံလိုက်ကျင်းလိုက် လာရောက် လည်ပတ် နေကြတာပါ” လို့ အနာဂတ် မြို့ပြစီမံကိန်းမှာ ပါဝင်သူ အယ်လန်ဗန်လွန်းက ဆိုပါတယ်။
နယ်သာလန်နိုင်ငံဟာ နှစ်စဉ် ခရီးသွား ဧည့်သည်တွေကြောင့် ဘဏ္ဍာငွေ ယူရို ၈၂ ဘီလီယံလောက် ဝင်ငွေရနေတာပါ။ ဒါပေမယ့်လည်း မြို့ခံတွေကတော့ တနှစ်ထက်တနှစ် များပြားလာတဲ့ ခရီးသွားတွေကြောင့် သူတို့ချစ်တဲ့မြို့ကြီး အလှပျက်သွားမှာကို စိုးရိမ်နေကြပါတယ်။
ဥရောပတိုက်က ကမ္ဘာ့လှည့်ခရီးသွား အများဆုံး လည်ပတ်ကြတဲ့ ဗင်းနစ်နဲ့ တခြားနေရာတွေလို အမ်စတာဒမ်မြို့ကြီး မနိုင်ဝန်ထမ်းပြီး ခရီးသွားတွေကို လက်ခံနေရမှာ စိုးထိတ်နေပါတယ်။ ဒါကြောင့် ရေရှည်မှာ ခရီးသွား အလွန်အကျွံ မလာနိုင်အောင် အခုတည်းကစပြီး စီမံကိန်းတွေ အကောင်အထည် ဖော်နေပါတယ်။
၂၀၁၈ ခုနှစ်မှာ အရင်နှစ်ကထက် ခရီးသွား ၁၈ သန်းမြင့်တက်လာပြီး ၂၀၃၀ မှာတော့ ၄၂ သန်းလောက် ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီအရေအတွက်ဟာ နယ်သာလန် တနိုင်ငံလုံးရဲ့ လူဦးရေထက် အဆ ၅၀ လောက် ပိုများနေတာပါ။
ခရီးသွားရည်မှန်းချက် ၂၀၃၀ ရေးဆွဲထားပြီး နောက်ပိုင်း ခရီးသွားဆွဲဆောင်မှုတွေကို ကန့်သတ်ဖို့ စီစဉ်နေကြပါ တယ်။ အနာဂတ် အစီအစဉ်တွေသာ သေချာ ချမှတ် မလုပ်ဆောင်ဘူးဆိုရင် အမ်စတာဒမ်မြို့ကြီးက ခရီးသွား အရေအတွက် အလွန်အကျွံ ဖြစ်လာပြီး ပျက်စီးမှုဆီ ဦးတည်သွားနိုင်လို့ပါ။
Amsterdam လို့ စာလုံးကြီးတွေနဲ့ ရေးသားထားတဲ့ အထင်ကရ ဆိုင်းဘုတ်ကြီးကိုလည်း မနှစ်ကပဲ ဖြုတ်သိမ်းလိုက်သလို အမှတ်သင်္ကေတဖြစ်တဲ့ ကျူးလစ်ပန်းတွေနဲ့ မဆင်မခြင် ဓာတ်ပုံရိုက်တာတွေကြောင့် ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းတွေ ထုတ်ပြန်ထားရပါတယ်။
အယ်လန်နဲ့ မြို့ခံတွေ စိုးရိမ်နေတဲ့အချက်ကတော့ အမ်စတာဒမ်ဟာ ၂၀၁၈ ခုနှစ် ထိပ်တန်း အလည်အပတ်မြို့ တွေထဲမှာ ၂၃ ချိတ်ခဲ့တာကြောင့် ခရီးသွားတွေ အများအပြား ရောက်လာမယ့် အချက်ကိုပါ။
“ခရီးသွားတွေ ဒီကို လာရောက် လည်ပတ်တာကလည်း ဒီမြို့ကြီးကို နှစ်သက်သဘောကျလို့ပါ။ ဒါပေမယ့်လည်း သေချာတာ တခုကတော့ ဒီလိုသာ အစုလိုက်အပြုံလိုက် ထပ်လာနေဦးမယ်ဆိုရင် သူတို့သဘောကျတဲ့မြို့ကို ဖျက်စီးနေသလိုပဲဆိုတာ သိစေချင်တယ်”လို့ အယ်လန်က ဆိုပါတယ်။
Ref: CNN
You may also like these stories:
ခရီးသွားရင်း ဝင်ငွေရအောင် ဘယ်လို လုပ်ကြမလဲ
ဘန်ကောက်မြို့ရဲ့ အကြီးဆုံး မိုးလုံလေလုံ ကစားကွင်း
စက်ဝိုင်းပုံစံ ဦးချိုကြောင့် လူစိတ်ဝင်စားမှု များလာတဲ့ ထိုင်းနိုင်ငံက ကျွဲ
ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ