မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေဟာ ဇွန်လအတွင်းမှာ ခရီးထွက်လို့ ကောင်းတာကတော့ အမှန်ပါ။ ဒါပေမဲ့ အာရှတိုက်မှာ နေထိုင်သူတွေအဖို့တော့ အလှမ်းဝေးလွန်းပါတယ်။ အာရှဒေသ အများစုအတွက်တော့ ဇွန်လဟာ မိုးရာသီ အစပါ။ အပူပိုင်း ဒေသတွေပါမကျန် မိုးရွာသွန်းလေ့ ရှိကြပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လအတွက် ခရီးထွက်လို့ကောင်းတဲ့ အာရှတိုက်ဒေသတွေထဲမှာ တရုတ်နိုင်ငံရဲ့ မြို့တော်အများစု ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဇွန်လအတွင်းမှာ ခရီးသွားလို့ ကောင်းတဲ့ တရုတ်နိုင်ငံရဲ့ ဒေသအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရှန်ဟိုင်းမြို့
ဇွန်လ အတွင်းမှာဆိုရင်တော့ ရှန်ဟိုင်းမြို့ရဲ့ အမြင့်ဆုံး ပျမ်းမျှအပူချိန်က ၂၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး၊ အနိမ့်ဆုံးပျမ်းမျှ အပူချိန်ကတော့ ၂၁ ဒီဂရီစင်တီဂရိတ်ပါ။ မိုးရေချိန်ကတော့ ပျမ်းမျှ ၆ ဒဿမ ၇ လက်မ ရှိတတ်ပါတယ်။
ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံကို အလည်အပတ် သွားသူတွေအဖို့တော့ စိတ်ဝင်စားစရာကောင်းတဲ့ မြို့တမြို့ပါ။ ဇွန်လအတွင်းမှာ ဆိုရင်တော့ ရှန်ဟိုင်းရဲ့ ရာသီဥတုက နွေးနွေးထွေးထွေး ရှိနေမှာဖြစ်ပြီး ဘေကျင်းမြို့ထက်စာရင် လေထုညစ်ညမ်းမှုလည်း လျော့နည်းပါတယ်။ ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့ အချက်ကတော့ ရှန်ဟိုင်းမြို့ရဲ့ အစားအသောက်ပါ။
(၂) ဘေကျင်းမြို့
ဇွန်လအတွင်းမှာဆိုရင်တော့ ဘေကျင်းမြို့ရဲ့ အမြင့်ဆုံးပျမ်းမျှအပူချိန်က ၃၀ ဒီဂရီစင်တီဂရိတ် လောက်ရှိပြီး အနိမ့်ဆုံးပျမ်းမျှ အပူချိန်ကတော့ ၁၉ ဒီဂရီစင်တီဂရိတ် အထိရှိပါတယ်။ ပျမ်းမျှ မိုးရေချိန်ကတော့ ၃ လက်မပါ။
တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် အလည်ရောက်လာတဲ့ အနောက်နိုင်ငံသား အများစုကတော့ ဘေကျင်းမြို့ကို ဦးဆုံးလည်ပတ်လေ့ ရှိပါတယ်။ ဘေကျင်းမြို့ဟာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံးမြို့တမြို့ ဖြစ်သလို အနောက်နိုင်ငံသားတွေအဖို့တော့ ဇွန်လအတွင်းမှာ ပိုမိုလာရောက် လည်ပတ်လေ့ ရှိပါတယ်။
ဒါပေမဲ့ ဇွန်လအတွင်းမှာဆိုရင် ဘေကျင်းမြို့ရဲ့ လေထုညစ်ညမ်းမှုက ပိုမိုများပြားတဲ့အတွက် အချိန်ကြာကြာ မလည်ပတ်သင့်ပါဘူး။ ဘေကျင်းမြို့ရဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင် ဝန်ထမ်းအများစု ကတော့ အင်္ဂလိပ်စကားကို နားလည်ကြသလို ဈေးနှုန်းအနေနဲ့ ဆိုရင်လည်း စင်ကာပူ၊ ဂျပန်တွေထက်စာရင် ပိုမိုဈေးသက်သာပါတယ်။
(၃) စီယန်မြို့
စီယန်မြို့ကလည်း ဇွန်လအတွင်း ခရီးထွက်လို့ကောင်းတဲ့ မြို့တမြို့ပါ။ ဘေကျင်း၊ ရှန်ဟိုင်းပြီးရင် စီယန်မြို့ကလည်း လည်ပတ်ချင်စရာကောင်းတဲ့ မြို့တမြို့ပါ။ ဇွန်လအတွင်း စီယန်မြို့ရဲ့ အမြင့်ဆုံး ပျမ်းမျှ အပူချိန်က ၃၂ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးပျမ်းမျှအပူချိန်ကတော့ ၁၉ ဒီဂရီ စင်တီဂရီတ်ပါ။ ပျမ်းမျှမိုးရေချိန်ကတော့ ၂ ဒဿမ ၅ လက်မရှိပါတယ်။
စီယန်မြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကတော့ တရုတ်အာဏာရ ဧကရာဇ်တွေ နေထိုင်ခဲ့တဲ့ မြို့တမြို့ ဖြစ်ခဲ့တဲ့အတွက် သမိုင်းဆိုင်ရာယဉ်ကျေးမှု အချက်အလက်တွေ ပေါကြွယ်ဝတဲ့ မြို့တမြို့ပါပဲ။ ခရီးသွား အများစုကတော့ စီယန်မြို့ကို လာရောက်ကြတဲ့အခါ အများဆုံး လည်ပတ်ကြတဲ့ နေရာကတော့ ရှေးဟောင်း စစ်သည်တော်များရဲ့ ရုပ်တုတွေပါ။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ စီယန်မြို့ဟာ ဘေကျင်းနဲ့ ရှန်ဟိုင်းထက်စာရင် အစစအရာရာ ဈေးနှုန်းချိုသာတာပါပဲ။
Ref: priceotravel
You may also like these stories:
ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက် ၁၀ ခု
ကမ္ဘာပေါ်က မပျော်ရွှင်ဆုံးနိုင်ငံများ