Travel

ရန်ကုန်ကနေ အင်္ဂလန်အထိ ဆိုင်ကယ်မောင်းပြီး ကမ္ဘာပတ်မယ့် မြန်မာနိုင်ငံသား နှစ်ယောက်

“Motourlogue” လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ ဆိုင်ကယ်စီးနင်းမယ့် ခရီးစဉ်တခုကို မြန်မာနိုင်ငံသား နှစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဝင်း (Ozz) နဲ့ စိုင်းဇွမ်ဖ (Zom) ဆိုသူ နှစ်ဦးက စတင် လိုက်ပါပြီ။

ဒီခရီးစဉ်ဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်သန်းမှာဖြစ်သလို မိုင်ပေါင်း ၃သောင်း နီးပါး ဆိုင်ကယ် စီးနင်းရမှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုတော့ ၂၀၁၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ တနင်္ဂနွေနေ့က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ရှေ့ကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့စီးနင်းခဲ့ကြတဲ့ ဆိုင်ကယ် အမျိုးအစားကတော့ BMW ဆိုင်ကယ် အမျိုးအစားပါ။

Motourlogue အဖွဲ့ဝင်တဦးဖြစ်တဲ့ စိုင်းဇွမ်ဖကလည်း အခုလို မိုင်ပေါင်း ၃သောင်း နီးပါး ဆိုင်ကယ်စီး နင်းဖို့ ဖြစ်လာရတဲ့ အကြောင်းကတော့ ၁၉၅၅ ခုနှစ်က BSA မော်တော် ဆိုင်ကယ်ဟောင်းတစီးနဲ့ မြန်မာနိုင်ငံကနေ ဥရောပနိုင်ငံတွေအထိ မိုင်ပေါင်း ၅သောင်း ကျော်ခရီး ကို မောင်းနှင်ခဲ့ကြတဲ့ ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံကို အားကျပြီး ဂုဏ်ပြုတာလို့ ဆိုပါတယ်။

Motourlogue အဖွဲ့သားတွေဟာ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ စီးနင်းမယ့် သူတို့ ခရီးစဉ်အတွက် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ကြသူတွေပါ။ သူတို့စီးနင်းမယ့် ခရီးစဉ်အတွက်လည်း မိုင်ပေါင်း ၅သောင်း ခရီးကို ဆိုင်ကယ် မောင်းနင်ခဲ့ဖူးတဲ့ ဒေါ်တင်တင်စိန်နဲ့ တိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၈ လ လောက်ကတည်းက နိုင်ငံဖြတ်ကျော်ခွင့်ဆိုင်ရာ စာရွက် စာတမ်းတွေကို ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။

ပထမခရီးစဉ်အနေနဲ့ ရန်ကုန်၊ ပြည်၊ မန္တလေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်ကနေ ထိုင်းနိုင်ငံ ဘက်ကို ဝင်ရောက်မယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကနေ တဆင့် လာအိုနိုင်ငံကို ဝင်ရောက်မှာဖြစ်ပြီး တရုတ်၊ မွန်ဂိုလီးယား၊ ရုရှားနိုင်ငံတွေကို ဝင်ရောက်မှာဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ နော်ဝေး၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံတွေကို ဖြတ်ကျော်ပြီး အင်္ဂလန်နိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ကို အောက်တိုဘာလလောက်မှာ ပြီးဆုံးမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း Motourlogue အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဝင်းက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁ နာရီတုန်းကတော့ Motourlogue အဖွဲ့သားတွေဟာ မကွေးမြို့ကို ဆိုင်ကယ်စီးနင်းပြီး သွားရောက်နေတဲ့အကြောင်း သူတို့ Facebook Page မှာ ဖော်ပြထားပါတယ်။

You may also like these stories:

လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ

ဂျပန်နိုင်ငံကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များ

ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတွေနဲ့ ဘယ်လို ခရီးထွက်ကြမလဲ

ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ

Loading