နီပေါနိုင်ငံမှာရှိတဲ့ ဧဝရတ်တောင်ကို တက်တဲ့သူတွေဟာ ယခုနှစ်တွေအတွင်းမှာ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ Chatur Tamang လို့ အမည်ရတဲ့ အမျိုးသားကတော့ သူဟာ ကမ္ဘာ့အမြင့်ဆုံးတောင်မှာ Traffic Jam နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနှစ်ရဲ့ တောင်တက်ရာသီအတွင်းမှာ တောင်ထိပ်မှာပဲ လူ ၁၁ ဦး သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ တရားဝင် စာရင်းဖြစ်ပြီး လူမသိ သူမသိ လိမ့်ကျ သေဆုံးသူတွေလည်း ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ နီပေါအစိုးရဟာ တောင်တက်ခရီးစဉ်ကို မေလအထိ ရွေ့ပေးသင့်တယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။
နီပေါအစိုးရဟာ တောင်တက်ဖို့ ခွင့်ပြုချက်ပေါင်း ၃၈၀ ကျော်ကို ချပေးထားပြီး ဖြစ်ပါတယ်။ ခွင့်ပြုချက်တခုဟာ အမေရိကန် ဒေါ်လာ ၁ သောင်းကျော် ကျသင့်ပြီး ဒေသခံလမ်းပြတွေက လိုက်လံလမ်းပြပေးတာ ဖြစ်ပါတယ်။
Nirmal Purja လို့ အမည်ရတဲ့ တောင်တက်သူတဦးဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပုံတပုံကို တင်ထားခဲ့ပြီး အဲဒီပုံမှာ တောင်တက်နေရင်း လမ်းတဝက်မှာတင် စောင့်စားနေသူ အယောက် ၃၀၀ ကျော် ရှိတယ်လို့ သူက ဆိုပါတယ်။ ဒီလို စောင့်စားနေရတဲ့အတွက် ခရီးကို ပိုပန်းစေပြီး ကြီးမားတဲ့ အခက်အခဲတွေကို ဖြစ်စေတယ်လို့ သိရပါတယ်။
တောင်တက်သူတွေများပြီး လမ်းမှာ စောင့်ဆိုင်းရတာတွေကြောင့် ရေဓာတ် ကုန်ခမ်းပြီး အမောဆို့ကာ သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်လက်ညောင်းညာခြင်းနဲ့ တခြားရောဂါတွေကလည်း အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ တောင်တက်သူ များလွန်းတဲ့ ကိစ္စဟာ တနှစ်ထက် တနှစ် ပိုပို ကြီးမားလာပြီ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နီပေါနိုင်ငံ နိုင်ငံခြားခရီးသွားလာရေးအဖွဲ့က ဒါရိုက်တာ တဦးဖြစ်တဲ့ Meera Acharya ကတော့ “ခရီးသွားဖို့ ခွင့်လာတောင်းတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို မသွားရဘူးဆိုပြီး အစိုးရက ပြောခွင့် မရှိဘူးလေ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ပြောရရင်တော့ တောင်တက် ခရီးသွားမယ့် သူတွေအတွက် ဒီထက်ပိုလုပ်ပေးဖို့ လိုနေပါတယ်”လို့ ဆိုပါတယ်။
တောင်တက်သူ Nirmal Purja ကတော့ “ဒီတောင်ဟာ လူတိုင်းအတွက်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပိုပြီး စနစ်ကျအောင် လုပ်ဖို့ လိုလာပြီ”လို့ အကြံပေးထားပါသေးတယ်။
Ref; washingtonpost
You may also like these stories:
ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ
ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတွေနဲ့ ဘယ်လို ခရီးထွက်ကြမလဲ
ခရီးသည် များပြားလွန်း၍ ထိုင်းသန္တာကျောက်တန်း အများအပြား ပျက်စီး
ခရီးသွားရင်း ကိုယ့်သိက္ခာ ကိုယ်ချသလို ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်များ