နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအနေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေဆီ ခရီးသွားတဲ့အခါ ရာသီဥတု အခြေအနေကိုလည်း ထည့်တွက် စဉ်းစားဖို့ အရေးကြီးပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအများစုဟာ အပူပိုင်းရာသီဥတု အမျိုးအစားရှိတဲ့ နိုင်ငံတွေက ပိုများပြီး အပူချိန်ကလည်း တနှစ်ပတ်လုံး ၃၀ ဒီဂရီ စင်တီဂရိတ်လောက်အထိ ရှိနေတတ်ပါတယ်။
အရှေ့တောင်အာရှ ဒေသတွေဆီကို ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက်ကြတဲ့ အချိန်ကတော့ နိုဝင်ဘာလနဲ့ ဖေဖော်ဝါရီလအတွင်းပါ။ ဒီလတွေမှာဆိုရင်တော့ ရာသီဥတုက အအေးကဲနေတဲ့အတွက် နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအနေနဲ့ သဘောကျလေ့ ရှိတတ်ပါတယ်။
မတ်လနဲ့ မေလအတွင်းကတော့ နွေရာသီဖြစ်ပြီး ပူပြင်းခြောက်သွေ့သလို အပူချိန်ကလည်း ၄၀ ဒီဂရီ စင်တီ ဂရိတ်အထိ ရှိတတ်ပါတယ်။ အရှေ့တောင်အာရှ ဒေသအများစုမှာ အပူချိန် လွန်ကဲလေ့ ရှိပါတယ်။ ဇွန်လနဲ့ အောက်တိုဘာလအတွင်းကတော့ မိုးရာသီ ဖြစ်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေဆီ မိုးရာသီမှာ အလည်အပတ် သွားရောက်တဲ့အခါ သိထားသင့်တဲ့ အချက်အချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) မိုးရွာနေတဲ့ အချိန် ပြတိုက် (သို့မဟုတ်) စားသောက်ဆိုင်တွေမှာ အချိန်ဖြုန်းပါ
များသောအားဖြင့်ကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးရွာသွန်းလေ့ရှိတဲ့ အချိန်ကတော့ မွန်းလွဲပိုင်း အချိန်တွေပါ။ နံနက်ခင်းပိုင်း အချိန်တွေကတော့ အေးမြနေတတ်ပါတယ်။ မိုးရွာနေတဲ့ အချိန်တွေမှာဆိုရင်တော့ ပြတိုက်လိုနေရာမျိုးတွေမှာ အချိန်ဖြုန်းတာက အကောင်းဆုံးပါ။ ဒါမှမဟုတ်လည်း စားသောက်ဆိုင်တဆိုင် ထိုင်ပြီး စာအုပ်ဖတ်နေတာက အကောင်းဆုံးပါ။
(၂) ခြင်အန္တရာယ် သတိရှိပါ
အရေးကြီးတဲ့ နောက်တချက်ကတော့ ခြင်ကိစ္စပါ။ အရှေ့တောင် အာရှနိုင်ငံတွေအတွက်တော့ မိုးရာသီဆိုတာ ခြင်တွေပေါတဲ့ ရာသီပါ။ ခြင်တွေဟာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါတွေကို ဖြစ်ပွားစေနိုင်တဲ့အတွက် မိုးရာသီအတွင်း အရှေ့တောင် အာရှနိုင်ငံတွေဆီ ခရီးထွက်မယ်ဆိုရင် ခြင်နိုင်ဆေးလို အရာမျိုးတွေကို ဆောင်သွားသင့်ပါတယ်။
(၃) ပင်လယ်ကမ်းခြေများ သွားတဲ့အခါ သတိထားပါ
မိုးရာသီမှာ အရှေ့တောင်အာရှ ဒေသတွေဆီ ခရီးထွက်တာ ကောင်းပေမယ့် ပင်လယ်ကမ်းခြေလို နေရာမျိုးကိုတော့ အပန်းဖြေသွားတာ ရှောင်ရှားသင့်ပါတယ်။ မိုးရာသီမှာ အန္တရာယ်ရှိတဲ့ ကမ်းခြေတွေကတော့ ထိုင်းနိုင်ငံက ဖူးခတ် ကမ်းခြေနဲ့ Koh Chang ဒေသပါ။ ဗီယက်နမ်နိုင်ငံရဲ့ သမိုင်းဝင်မြို့တော် ဟနွိုင်းမှာလည်း မိုးရာသီဆို နှစ်စဉ်လိုလို ရေကြီးလေ့ ရှိပါတယ်။ White Beach လို့ခေါ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကမ်းခြေမှာတော့ အနောက်တောင်မုတ်သုန်လေ တိုက်ခတ်လေ့ ရှိတဲ့အတွက် ရေကူးသူတွေအတွက် အန္တရာယ် ရှိပါတယ်။
ဒါ့အပြင် မိုးရာသီဟာ ဝမ်းရောဂါကို ဖြစ်ပွားစေနိုင်တဲ့အတွက် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို အစိမ်းစားတဲ့အခါ သေချာ သတိထားပြီး စားသုံးသင့်ပါတယ်။
Ref:global-gallivanting
You may also like these stories:
မိုးအေးအေးနဲ့ အိမ်မှာ အကျိုးရှိရှိ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်း ၅ ခု
မိုးရာသီမှာ ခရီးထွက်မယ်ဆိုရင် ဘာတွေ ယူသွားသင့်သလဲ
မိုးရာသီမှာ လုံခြုံပြီးနွေးထွေးအောင် ဘယ်လိုနေကြမလဲ
မိုးရာသီမှာ ဒီလိုအစားအစာတွေကို ရှောင်ပါ