မွန်ဂိုလီးယားနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ ကီလိုမီတာ ၁၂၀၀၀ (မိုင်ပေါင်း ၇၄၅၆ ဒဿမ ၄၅၄၃) ခရီးကို ကုလားအုတ်စီးပြီး ခရီးထွက်ခဲ့သူကတော့ အမျိုးသား မဟုတ်ဘဲ အမျိုးသမီး တယောက်ပါ။ ဒီအချက်က အမျိုးသမီးတွေဟာလည်း အမျိုးသားများနဲ့ တန်းတူ စွန့်စားလိုစိတ် ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။
မွန်ဂိုလီးယားနိုင်ငံသူ Baigalmaa Norjmaa ဆိုတဲ့ အမျိုးသမီးကို အိမ်ရာ အတည်တကျ မရှိတဲ့ ခြေသလုံးအိမ်တိုင် မိသားစုကနေ ဖွားမြင်ခဲ့ပါတယ်။ ဒီခရီးစဉ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာက စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပြီးဆုံးမယ်လို့ သူက မျှော်လင့်ထားပါတယ်။ ဒီခရီးစဉ်ကို စတင်ခဲ့ရခြင်း ရည်ရွယ်ချက်ကတော့ မွန်ဂိုလီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကို မြှင့်တင်ပေးနိုင်ဖို့အတွက်လို့ သူက ဆိုပါတယ်။
ခရီးစဉ်ကိုတော့ မွန်ဂိုလီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ အူလန်ဘာတာ(Ulaanbaatar) မြို့တော်ကနေ စတင်ခဲ့တာဖြစ်ပြီး အင်္ဂလန်နိုင်ငံအထိ ရောက်အောင် ကုလားအုတ် စီးပြီး သွားရောက်မှာပဲ ဖြစ်ပါတယ်။ ဒီ စွန့်စားခန်း ခရီးကို စတင်ချိန်မှာတော့ သူ့ရဲ့အသက်က ၃၀ ရှိနေခဲ့ပါပြီ။ ၃ နှစ်တာ ကာလအထိ ကြာနိုင်တဲ့ ဒီခရီးစဉ်မှာ သူ့အနေနဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံကို ဖြတ်ကျော်ရမှာလည်း ဖြစ်ပါတယ်။
“ဒီခရီးစဉ်ဟာ ကျမ အတွက်တော့ ခက်ခဲတဲ့ ခရီးစဉ်တခု မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျမက မွန်ဂိုလီးယန်းတယောက် ဖြစ်နေတဲ့ အတွက်ပါ။ ကြမ်းတမ်းတဲ့ ရာသီဥတုတွေနဲ့ ကြုံလာခဲ့မယ်ဆိုရင် ရင်ဆိုင်နိုင်တဲ့စွမ်းအား ကျမမှာ ရှိပါတယ်”လို့ Baigalmaa Norjmaa က ပြောပါတယ်။
သူဟာ မွန်ဂိုလီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ၁၂ နှစ် အလုပ်လုပ်ခဲ့သူ တယောက် ဖြစ်ပြီး သူ့ရဲ့ အားလပ်ချိန်တွေမှာဆိုရင်တော့ တောင်တက် လေ့ကျင့်ခန်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ သူဟာ မွန်ဂိုလီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်တွေကို တက်ခဲ့ဖူးရုံသာမက အာဖရိကရဲ့ အမြင့်ဆုံးဖြစ်တဲ့ Kilimanjaro တောင်ကိုပါ တက်ခဲ့ဖူးသူ တယောက်ပါ။
လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းကတော့ သူဟာ သတင်းတခုကို ကြားခဲ့ရပါတယ်။ အဲဒီ သတင်းကတော့ မွန်လိုလီးယားနိုင်ငံကနေ ဟန်ဂေရီနိုင်ငံအထိ မြင်းစီးပြီး ခရီးသွားခဲ့တဲ့ သြစတြေးလျ နိုင်ငံသားတယောက်ဖြစ်တဲ့ Tim Cope ရဲ့ အကြောင်းပါ။
“ဒီသတင်းကိုကြားရတော့ ကျမ အနေနဲ့လည်း အဲဒီလို စွန့်စားခရီးမျိုး သွားချင်လာပါတယ်။ ဒါပေမဲ့ Tim Cope လို မြင်းနဲ့ မဟုတ်ဘဲ ကုလားအုတ်နဲ့ပါ။ မွန်ဂိုလီးယား အမျိုးသမီးတွေထဲမှာတော့ ကျမက ကီလိုမီတာ ၃၀၀၀ (မိုင်ပေါင်း ၁၈၆၄ ဒဿမ ၁၄၄) ထက် ကျော်လွန်ပြီး ခရီးထွက်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးပါပဲ။ လန်ဒန်မြို့ကို ရောက်တဲ့အချိန်မှာတော့ ရှည်လျားလှတဲ့ ခရီးကို ကုလားအုတ် စီးပြီး ခရီးထွက်ခဲ့သူ အမျိုးသမီးတယောက်အဖြစ် သမိုင်းမှာ မှတ်တမ်းတင်နိုင်မှာတော့ အမှန်ပါပဲ”လို့ Baigalmaa Norjmaa က ပြောပါတယ်။
ဒီခရီးစဉ်ကို ဖြစ်မြောက်အောင် အားထုတ်ရတာက အခက်အခဲတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့်ကတော့ မိန်းမ တယောက်အတွက် ပိုလု့ိတောင် ခက်ခဲပါတယ်။ ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ အကြောင်းက မွန်ဂိုလီးယားတွေရဲ့အကြားမှာ ကျော်ကြားတဲ့ သတင်းတပုဒ် ဖြစ်နေခဲ့ပါပြီ။
ဒီခရီးစဉ်ဟာ မွန်ဂိုလီးယားတွေအတွက်လည်း အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုဆိုရင်တော့ မွန်ဂိုလီးယားတွေအကြားမှာ ကုလားအုတ်တွေနဲ့ ခရီးသွားခြင်းက ပြန်လည် ခေတ်စားလာသလို မွန်ဂိုလီးယားနိုင်ငံ ပြင်ပက အကြောင်းတွေကိုလည်း လူတွေအနေနဲ့ ပိုမိုစိတ်ဝင်စားလာခဲ့ပါတယ်လို့ သူက အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ကျမမှာ အိပ်မက်တခု ရှိခဲ့ပါတယ်။ အဲဒီ အိပ်မက်ကတော့ မွန်ဂိုလီးယားနိုင်ငံကနေ ဥရောပဆီကို ကုလားအုတ် စီးပြီး ခရီးသွားနိုင်ဖို့ပါ။ အဲဒီ အိပ်မက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း ကျမ အနေနဲ့ ယုံကြည်ပါတယ်”လို့ သူ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။
Ref: Explorersweb, Huckmag , Sputniknews
You May Also Like These Stories:
ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတွေနဲ့ ဘယ်လို ခရီးထွက်ကြမလဲ
ကမ္ဘာပတ်ပြီး လမ်းလျှောက်ခဲ့ကြသူများ