ဂျပန်နိုင်ငံရဲ့ ခရီးသွားကုမ္ပဏီတခုဖြစ်တဲ့ JTB ကုမ္ပဏီရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်က ၈ သန်းအထိ ရှိခဲ့ပါတယ်။ ဟောင်ကောင်သားတွေအတွက် ဂျပန်နိုင်ငံကို ခရီးသွားရတာက ပျော်စရာအချိန်တွေကို ဖန်တီးပေးတယ်လို့ ယူဆထားကြပါတယ်။
ဂျပန်နိုင်ငံ ခရီးသွားဝန်ဆောင်မှု အဖွဲ့အစည်းကြီးရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ဟောင်ကောင်ကနေ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြသူတွေရဲ့ ပမာဏက အမြင့်ဆုံး ကိန်းဂဏန်းကို ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီအတွင်း ဟောင်ကောင်ကနေ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားအရေအတွက်ပေါင်း ၁၇၉,၀၀၀ ကျော် ရှိခဲ့ပါတယ်။
ဟောင်ကောင်အပြင် တရုတ်၊ ကိုရီးယားနဲ့ ထိုင်ဝမ်ကနေ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသွား ပမာဏကလည်း ဆက်ပြီး မြင့်တက်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်နိုင်ငံသား ၆၉၁,၃၀၀ ယောက်၊ ကိုရီးယားနိုင်ငံသား ၅၈၅,၆၀၀ ယောက်နဲ့ ထိုင်ဝမ် နိုင်ငံသား ၄၀၂,၄၀၀ ယောက် အထိ ရှိခဲ့ပါတယ်။
ဟောင်ကောင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီပမာဏတွေဟာ များတယ်လို့ ဆိုကောင်း ဆိုနိုင်ပေမယ့် ဟောင်ကောင်ဟာ လူဦးရေနည်းပါးတဲ့ ဒေသ တခုပါ။ ဒါကြောင့်လည်း ဟောင်ကောင်ကနေ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်သူ ဦးရေဟာ နည်းလွန်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။
ဒီနှစ်အတွက်ဆိုရင်တော့ ဂျပန်နိုင်ငံက နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအတွက် လမ်းလျှောက် ခရီးစဉ်တွေကို စီစဉ်ပေးထားပါတယ်။ အဲဒီ ခရီးစဉ်တွေမှာဆိုရင်တော့ လူသိပ် မသိဘဲ ကွယ်ဝှက်နေတဲ့ ဂျပန်နိုင်ငံရဲ့ နေရာဒေသတွေနဲ့ ထိတွေ့ပေးဖို့ စီစဉ်ထားတယ်လို့ Walk Japan အဖွဲ့အစည်းကြီးရဲ့ CEO ဖြစ်သူ Paul Christie က ပြောပါတယ်။
လမ်းလျှောက်ခရီးစဉ်မှာ Walk Japan က စီစဉ်ပေးထားတဲ့ ဒေသတွေ ရှိပါတယ်။ အဲဒီဒေသတွေထဲမှာတော့ လေထုညစ်ညမ်းမှု မရှိတဲ့ Gujo Hachiman မြို့လည်း ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ကောက်ခံထားတဲ့ စာရင်းအရ Gujo Hachiman မြို့ မှာ နေထိုင်သူ လူဦးရေ စုစုပေါင်း ၄၁,၈၅၈ ယောက်သာ ရှိပါတယ်။
Gujo Hachiman ရဲတိုက်ကိုတော့ ၁၅၅၉ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ မူလ ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးက ၁၉၃၃ ခုနှစ်မှာ ပျက်ဆီးသွားခဲ့တဲ့အတွက် အသစ်တဖန် ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အသစ် ပြန်လည်တည်ဆောက်တဲ့အခါ ကွန်ကရစ်ထက် သစ်သားတွေကို ပိုမိုအသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီရဲတိုက်ကြီးကတော့ မတ်စောက်တဲ့ Hachiman တောင်ထိပ်မှာ တည်ရှိပါတယ်။
Ref: Scmp.com
You may also like these stories:
ဂျပန်နိုင်ငံကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များ
ဇွန်လအတွင်း ခရီးသွားလို့ ကောင်းတဲ့ တရုတ်နိုင်ငံက မြို့များ
ခရီးသည် များပြားလွန်း၍ ထိုင်းသန္တာကျောက်တန်း အများအပြား ပျက်စီး
နိုင်ငံတကာကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ