အသက် ၂၁ နှစ် အရွယ်၊ အမေရိကန်နိုင်ငံသူ တယောက်ဖြစ်တဲ့ Lexie Alford ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို သူ့ရဲ့ အသက် ၂၁ အရွယ်မှာပဲ လည်ပတ် ပြီးစီးခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၉၆ နိုင်ငံဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးရဲ့ စာရင်းပါ။
၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ သူဟာ မြောက်ကိုရီးယား နိုင်ငံကို ခြေချနိုင်ခဲ့ပြီး ကမ္ဘာတဝှမ်း လည်ပတ်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးတယောက်အဖြစ် ဂင်းနစ်မှတ်တမ်းမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။
တချို့တွေကတော့ ကမ္ဘာမှာ ၁၉၅ နိုင်ငံသာ ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒီ စာရင်းအရဆိုရင် တိဘက်ကို နိုင်ငံ တနိုင်ငံအဖြစ် မသတ်မှတ်ထားဘဲ တရုတ်နိုင်ငံထဲမှာ ထည့်သွင်းထားပါတယ်။ တိဘက်နိုင်ငံကို သီးခြား ခွဲထုတ်ပြီး ရေတွက်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံစုစုပေါင်းက ၁၉၆ နိုင်ငံ ရှိပါတယ်။
အဲဒီနိုင်ငံတွေ အားလုံးကို အမေရိကန် အမျိုးသမီးတယောက်ဖြစ်တဲ့ Lexie Alford က အသက် ၂၁ နှစ်အရွယ်မှာပဲ လည်ပတ်ပြီးစီးခဲ့ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့အကြောင်းက ကမ္ဘာမှာ သမိုင်းတင်သွားခဲ့ပါပြီ။
ကမ္ဘာတဝှမ်းလုံးကို လည်ပတ်ခဲ့တဲ့ အမျိုးသမီးတွေထဲမှာ Alford က ပထမဆုံးတော့ မဟုတ်ပါဘူး။ သူ့ထက်အရင် ကမ္ဘာတဝှမ်းလုံးကို လည်ပတ်ပြီး ဂင်းနစ်စံချိန် ဝင်ထားတဲ့ အမျိုးသမီးတယောက်လည်း ရှိပါသေးတယ်။ သူကလည်း အမေရိကန်နိုင်ငံသူ တယောက်ဖြစ်ပြီး Cassandra De Pecol လို့ ခေါ်ပါတယ်။ Pecol ကတော့ အသက် ၂၄ အရွယ်မှာ ကမ္ဘာတဝှမ်းလုံးကို လည်ပတ်ခဲ့တဲ့ အမျိုးသမီး တယောက် ဖြစ်ခဲ့ပါတယ်။
အခုတော့ Pecol ရဲ့ စံချိန်ကို Alford က ချိုးနိုင်ခဲ့ပြီး ကမ္ဘာတဝှမ်း လည်ပတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အသက် အငယ်ဆုံး အမျိုးသမီးတယောက်အဖြစ် Alford က ဂင်းနစ်စံချိန် ဝင်နိုင်ခဲ့ပါတယ်။
Alford ဟာ ကိုယ်ပိုင် ခရီးသွားအေဂျင်စီ တခုကို တည်ထောင်ခဲ့တဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့သူလည်း ဖြစ်ပါတယ်။ သူတို့ မိသားစုပိုင်တဲ့ ခရီးသွားအေဂျင်စီကိုတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ခရီးသွားရတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို Alford က အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ခရီးသွားခြင်းက ကျမဘဝအတွက်တော့ အစိတ်အပိုင်း တခုပါပဲ။ ကျမ မှတ်မိတဲ့ အရွယ်ကစလို့ ခရီး အတော်များများ သွားနေခဲ့ပါပြီ”လို့ သူက ဆိုပါတယ်။ သူ အရွယ်ရောက်လာစဉ်အခါမှာတော့ သူ့ရဲ့ မိသားစုနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျေးရွာ အများအပြားနဲ့ ဒူဘိုင်းမြို့ရဲ့ Burj Khalifa ကိုပါ လည်ပတ်နိုင်ခဲ့သလို ကမ္ဘာ့တောင်ဘက်စွန်း မြို့တော်ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ Ushuaia မြို့နဲ့ အီဂျစ်နိုင်ငံရဲ့ Giza ပိရမစ်ကိုလည်း လည်ပတ်နိုင်ခဲ့ပါတယ်။
“ကျမ မိဘတွေက ကမ္ဘာတဝှမ်းမှာရှိတဲ့ လူမှုဘဝ အမျိုးမျိုးနဲ့ ကျမကို စတင် မိတ်ဆက်ပေးခဲ့သူတွေပါပဲ။ လူမှုဘဝ အစုံအလင်ရဲ့ အရေးပါမှုတွေကို ခရီးသွားရင်း ကျမအနေနဲ့ သိခဲ့ရပါတယ်။ မိဘတွေ သင်ကြားပေးခဲ့တဲ့ ဒီနည်းလမ်းတွေက ဒီနေ့ထိတိုင်အောင် ကျမဘဝအတွက် အကျိုးသက်ရောက်မှု ရှိနေတုန်းပါပဲ”
“နောက်ပြီး ကျမက သိလိုစိတ် ပြင်းထန်သူ တယောက်ပါ။ လူတွေဟာ သူတို့နေ့စဉ် ဘဝကနေ ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိသလဲ ဆိုတဲ့မေးခွန်းက ကျမရဲ့ သိလိုစိတ်ကို အမြဲလိုလို တွန်းအားပေးလေ့ ရှိပါတယ်”လို့ Alford က ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့ခရီးစဉ်ကို စတင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်ထားတဲ့ တခြားသူတွေရဲ့ စံချိန်ကို ချိုးဖျက်ပြီး ကမ္ဘာတဝှမ်းလုံးကို အသက်ငယ်ငယ်နဲ့ လည်ပတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စံချိန်တင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဆုံးဖြတ်ခဲ့တဲ့အတိုင်းလည်း ကမ္ဘာ့ပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို အသက် ၂၁ အရွယ်မှာပဲ လည်ပတ်ပြီးခဲ့တဲ့အတွက် အခုဆိုရင်တော့ Alford ဟာ အမေရိကန်နိုင်ငံသားတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားလို နိုင်ငံကိုပါ ခြေချနိုင်ခဲ့ပြီး ကမ္ဘာတဝှမ်းလုံးကို လည်ပတ်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး လူတယောက်အဖြစ် ဂင်းနစ်စံချိန် ဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Ref: Forbes, USA Today, en.wikipedia
You may also like these stories:
ပျောက်ဆုံးသွားသော မြို့ကြီးများ
ဥရောပရဲ့ အရောင်စုံစုံ အဆောက်အဦတွေ ရှိရာ နေရာများ