“Bogibeel တံတား”လို့ အိန္ဒိယနိုင်ငံသားတွေခေါ်တဲ့ ဒီတံတားကတော့ မီးရထားနဲ့ ကားတွေ သွားလာနိုင်ဖို့ ရည်ရွယ် ဆောက်လုပ်ခဲ့တဲ့ တံတားတစင်းပါ။ ဒီတံတားဟာ အိန္ဒိယနိုင်ငံရဲ့ အရှည်ဆုံးတံတား ၄ စင်းထဲက တစင်း ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်ကနေ စတင်ဆောက်လုပ်ခဲ့တဲ့ ဒီတံတားကိုတော့ ၁၆ နှစ်ကြာအောင် တည်ဆောက်ခဲ့ရပြီး၊ ၂၀၁၈ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့အတွက် အခုဆိုရင် ဒီတံတားပေါ်ကနေ မီးရထားနဲ့ ကားတွေ ဖြတ်သန်းမောင်းနင် နိုင်ပါပြီ။
Bogibeel တံတားဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်အတွင်းမှာ တည်ရှိပြီး ဗြဟ္မပုတ္တရ မြစ်ကို ဖြတ်သန်း တည်ဆောက်ထားတဲ့ တံတားတစင်းလည်း ဖြစ်ပါတယ်။ တံတားရဲ့ အရှည်ကတော့ ၄ ဒဿမ ၉၄ ကီလိုမီတာ (၃ ဒဿမ ၀၇ မိုင်ကျော်) ရှိပြီး လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယခင် အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ Atal Bihari Vajpayee ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
Bogibeel တံတားဟာ နှစ်ပေါင်း ၁၂၀ တိုင်အောင် အသုံးပြုလို့ရနိုင်မယ့် တံတားတစင်းဖြစ်ပြီး ၇ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်တဲ့ ငလျင်ဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ တံတားရဲ့ ခန့်မှန်းခြေ ကုန်ကျစရိတ်ကတော့ အိန္ဒိယရူပီး ၅၉၀၀ ကုဋေ (အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်) ရှိပါတယ်။
အဆင့်၂ ဆင့် တည်ဆောက်ထားတဲ့ ဒီတံတားကြီးမှာတော့ အပေါ်ဆုံးအဆင့်အတွက် ၃ လမ်း မောင်းလို့ ရတဲ့ ကားလမ်းနဲ့ အောက်အဆင့်အတွက် ရထားလမ်း ၂ လမ်း ပါဝင်ပါတယ်။
ဒီတံတားကြီး ဆောက်လုပ်ပြီးတဲ့ နောက်မှာတော့ အာသံကနေ Arunachal Pradesh ကို သွားတဲ့ ကြာချိန်ကို ၄ နာရီ အထိ လျှော့ချပေးနိုင်ခဲ့သလို အာသံကနေ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရပ်တွေဆီရောက်ဖို့ ၁၆၅ ကီလိုမီတာ (၁၀၂ ဒဿမ ၅၂၆ မိုင်) အကွာအဝေးကို လည်း လျှော့ချပေးနိုင်ခဲ့ပါတယ်။ နေ့စဉ် ကုန်ကျနေတဲ့ လောင်စာဆီအတွက်လည်း တနေ့ကို ရူပီး ၁၀ သိန်း ချွေတာနိုင်ခဲ့ပါတယ်။
Ref: Livemint, Quora, Travelogyindia
You May Also Like These Stories:
အိန္ဒိယနိုင်ငံ North Sentinel ကျွန်းပေါ်က လူရိုင်းများ
အိန္ဒိယနိုင်ငံရောက်ရင် သွားလည်သင့်တဲ့ နေရာများ
နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားတဲ့ အိန္ဒိယနိုင်ငံမှ ကျေးရွာ