Kiwi website က ခရီးသွားတွေရဲ့ အသံကို အမြဲနားစွင့်လေ့ရှိပြီး ခရီးသွားတွေရဲ့ အမြင်တွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အပန်းဖြေကမ်းခြေတွေရဲ့ စာရင်းကိုလည်း kiwi website က ကောက်ယူခဲ့ပြီး နိုင်ငံတကာကို ခရီးလှည့်လည်သွားရောက်ခဲ့ကြတဲ့ ခရီးသွားတွေက ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ကမ်းခြေတွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။ အဲဒီ ကမ်းခြေတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံက ငပလီ ကမ်းခြေလည်း ပါဝင်ပါတယ်။
Kiwi website မှာ ခရီးသွားတွေ ရွေးချယ်ပေးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးကမ်းခြေ ၉ ခုရဲ့ စာရင်းကတော့
(၁) Horseshoe Beach, Bermuda
(၂) Kadavu, Fiji
(၃) Sandspit, Karachi, Pakistan
(၄) Playa Matapalo, Costa Rica
(၅) Eagle Beach, Aruba
(၆) Ngapali Beach, Myanmar
(၇) Englishman’s Beach, Tobago
(၈) Marathi Bay, Crete, Greece
(၉) Beach Banj, Croatia တို့ ဖြစ်ပါတယ်။
အဲ့ဒီ ကမ်းခြေတွေထဲကမှ တချို့နေရာတွေရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Kadavu,Fiji
Kadavu ကျွန်းဟာ ဖီဂျီသမ္မတနိုင်ငံ (Republic of Fiji) အတွင်းမှာ တည်ရှိပြီး ၄၂၂ စတုရန်းကီလိုမီတာ (၁၅၉ စတုရန်းမိုင်) ကျယ်ဝန်းပါတယ်။ ဖီဂျီနိုင်ငံမှာဆိုရင် ဒီကျွန်းဟာ စတုတ္ထမြောက်အကြီးမားဆုံး ကျွန်းတကျွန်းဖြစ်သလို ခေတ်သစ် လူနေထိုင်မှုစနစ်တွေ မလွှမ်းမိုးနိုင်သေးတဲ့ အရပ်ဒေသတခုပါ။ Kadavu အပန်းဖြေကမ်းခြေစခန်း ပတ်ဝန်းကျင်ကိုတော့ မိုးသစ်တောတွေက ဝန်းရံထားသလို ဒေသတွင်း ပေါက်ရောက်လေ့ရှိတဲ့ သစ်ပင်ပန်းမန်တွေကိုလည်း မျိုးတုန်း မသွားသေးဘဲ ဝေဝေဆာဆာ ပေါက်နေတာကို တွေ့နိုင်ပါတယ်။
ဒေသခံတွေကလည်း ဖော်ရွေလေ့ရှိပြီး လေထုညစ်ညမ်းမှု လုံးဝ မရှိတဲ့ နေရာလေး တနေရာပါ။ Kadavu ကျွန်းစုတွေမှာ နေထိုင်လေ့ ရှိကြတဲ့ လူမျိုးစုတွေရဲ့ ဘဝကလည်း ပကာသန မပါဘဲ ရိုးရှင်းလွန်းတဲ့ ဘဝတွေပါ။
Sandspit, Karachi, Pakistan
Sandspit ကမ်းခြေကတော့ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရဲ့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ ဒီကမ်းခြေကတော့ ပါကစ္စတန် နိုင်ငံသားတွေအတွက်ရော နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ အတွက်ပါ အပန်းဖြေအနားယူလို့ ကောင်းတဲ့ နေရာ တနေရာပါ။ ကရာချိမြို့ ပတ်ဝန်းကျင်အတွက်တော့ Sandspit ကမ်းခြေက ပျော်ပွဲစားထွက်လို့ ကောင်းတဲ့ နေရာ တနေရာလည်း ဖြစ်ပါသေးတယ်။ မတူညီတဲ့ မျိုးဆက်တွေအားလုံးဟာ သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို Sandspit ကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလေ့ရှိကြပါတယ်။
တချို့မိသားစုတွေကတော့ ကမ်းခြေမှာ တနေကုန်အချိန် ဖြုန်းနိုင်ဖို့အတွက် သင့်တင့်တဲ့ဈေးနဲ့ ငှားရမ်းလို့ရတဲ့ ကမ်းခြေအနီးက အိမ်လေးတွေ ငှားရမ်းလေ့ ရှိ တတ်ကြပါတယ်။ Sandspit ကမ်းခြေကို အပန်းဖြေသွားလို့ အကောင်းဆုံး အချိန်တွေကတော့ အောက်တိုဘာလကနေ မတ်လအထိပဲ။ မုတ်သုန်ရာသီ ဝင်ရောက်လာတဲ့အချိန်တွေမှာတော့ အလည်သွားရောက်ဖို့ မသင့်တော်ပါဘူး။
Ngapali, Myanmar
အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စေတီပုထိုးတော်တွေက နာမည်ကြီးပါတယ်။ နာမည်ကြီး စေတီပုထိုးတော်တွေအပြင် နောက်ထပ် ထင်ရှားတဲ့ နေရာတနေရာလည်း ရှိပါသေးတယ်။ အဲဒါကတော့ ငပလီကမ်းခြေပါ။ ကမ်းရိုးတန်းတလျှောက်မှာ သဲသောင်ပြင်ဖြူဖြူတွေနဲ့အတူ အုန်းပင်တွေကလည်း စီတန်း ပေါက်နေတဲ့အတွက် ခရီးသွားတွေဟာ ပျော်စရာ ကောင်းတဲ့အချိန်တွေကို ငပလီကမ်းခြေမှာ ဖန်တီးနိုင်ပါတယ်။
ကမ်းခြေအနီးမှာ ရှိကြတဲ့ ဟိုတယ်တွေကိုလည်း သဘာဝ အလှအပတွေက ဝန်းရံထားကြပါတယ်။ ကမ်းရိုးတန်း တလျှောက်က လမ်းတွေဟာ ၁၀ ကီလိုမီတာ (၆ မိုင်ကျော်) လောက်ရှည်လျားပြီး စက်ဘီးအငှား ဆိုင်တွေကလည်း အများအပြားပါပဲ။ ငပလီကမ်းခြေတလျှောက် စက်ဘီးစီးရတဲ့ အရသာကတော့ အကောင်းဆုံးပါပဲ။
Ref:kiwi
You may also like these stories:
နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှုပေးတဲ့ အာရှ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်
ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက် လည်ပတ်မှုအများဆုံး ကမ်းခြေများ
အမျိုးသမီးတွေအနေနဲ့ ကမ်းခြေမှာ လှပတဲ့ ဓာတ်ပုံ ဘယ်လိုရိုက်မလဲ
ကလေးတွေ အနားယူဖို့ သင့်တော်တဲ့ ကမ်းခြေများ