နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပိုမို ဝင်ရောက်လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး သီရိလင်္ကာနိုင်ငံက စည်းရုံးရေးတခုကို စတင် ပြုလုပ်လာပါတယ်။ အဲဒီ စည်းရုံးရေးကိုတော့ “Culinary Tourism” လို့ နာမည်ပေးထားပါတယ်။
ဒီစည်းရုံးရေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ သီရိလင်္ကာနိုင်ငံရဲ့ အစားအသောက်တွေနဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို စည်းရုံးနိုင်ဖို့ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရဲ့ ပုလဲလို့ တင်စားခေါ်ဝေါ်ထားတဲ့ သီရီလင်္ကာနိုင်ငံကို အလည်အပတ် လာရောက်ကြဖို့ပါပဲ။ သီရိလင်္ကာနိုင်ငံရဲ့ အဓိက ပစ်မှတ်ကတော့ ထိုင်းခရီးသွား ဧည့်သည်တွေပဲ ဖြစ်ပါတယ်။
ဒီစည်းရုံးရေးဟာ ဧပြီလအတွင်းက အကြမ်းဖက် ဗုံးပေါက်ကွဲမှုအပြီး သီရိလင်္ကာနိုင်ငံရဲ့ ခရီးသွား ကဏ္ဍကို နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ယုံကြည်မှု ပြန်လည်ရရှိလာစေဖို့ သီရိလင်္ကာအစိုးရရဲ့ အားထုတ်မှုတရပ်လည်း ဖြစ်ပါတယ်။ မကြာသေးမီကလည်း ထိုင်းနိုင်ငံမှာရှိတဲ့ သီရိလင်္ကာသံရုံးမှာလည်း အဆိုပါစည်းရုံးရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့တဲ့အကြောင်း “Culinary Tourism” Website မှာ ဖော်ပြထားပါတယ်။
အဲဒီ Website မှာ ဖော်ပြထားတာကတော့ “သီရိလင်္ကာနိုင်ငံဟာ သဘာဝ သားရိုင်းတိရစ္ဆာန်နဲ့ မျိုးကွဲ ဇီဝပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံ သက်သက် မဟုတ်ဘဲ ယဉ်ကျေးမှုအမျိုးမျိုးက လာတဲ့ လူတွေ အတွက်လည်း အစားအသောက်ကောင်းကောင်း ရနိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ ခရီးသွားလာရေးဌာနက ဝန်ကြီးဖြစ်တဲ့ John Amaratunga ကတော့ “ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်စီးပွားရေးရဲ့ အရေးပါတဲ့ လက္ခဏာ တရပ်ပါ။ အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှာတော့ သီရိလင်္ကာနိုင်ငံရဲ့ ဟိုတယ် ဘွတ်ကင်တွေ အများကြီး လျော့ကျသွားခဲ့ပါတယ်။ အခုဆိုရင် ကျနော်တို့နိုင်ငံက ခရီးသွားတွေ လာရောက် လည်ပတ်ဖို့ လုံခြုံရေးအရလည်း စိတ်ချရပါပြီ။ သီရိလင်္ကာနိုင်ငံရဲ့ အစားအသောက်နဲ့ ယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာက ခရီးသွားတွေကို နွေးနွေးထွေးထွေး ကြိုဆိုပါရစေ” လို့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။
သီရိလင်္ကာနိုင်ငံ ခရီးသွားလာရေးဗျူရိုအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက တနင်္ဂေ နွအီစတာပွဲတော် ဗုံးပေါက်ကွဲမှု အပြီးမှာ သီရိလင်္ကာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက် ထက်ဝက်လောက်ကျ ဆင်းသွားခဲ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှု မှာတော့ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပါတယ်။
အခုလို ခရီးသွားအရေအတွက် ကျဆင်းလာရခြင်းကြောင့် သီရိလင်္ကာနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ရရှိနေတဲ့ ဝင်ငွေ ဘတ် ၂၄ ထရီလီယံ ဆုံးရှုံး နစ်နာနေရပါတယ်။ သီရိလင်္ကာနိုင်ငံကို နှစ်စဉ် လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား ၂ ဒဿမ ၅သန်းမှာ ထိုင်းနိုင်ငံက လာရောက် လည်ပတ်ကြသူ အရေအတွက်က နှစ်စဉ် ၁၀,၀၀၀ ရှိပါတယ်။
ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ သီရိလင်္ကာသံအမတ်ကြီးဖြစ်တဲ့ Ms Kshenuka Senewiratne ကလည်း “ထိုင်းနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံဟာ လွန်ခဲ့တဲ့ ၈ ရာစုလောက်ကလည်းက မိတ်ဆွေတွေ အဖြစ်နေလာခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်သလို ၂ နိုင်ငံအကြားမှာလည်း ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကို အများအပြား ဖလှယ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ချက်ပြုတ်ရေးဆိုင်ရာတွေက တူညီသလောက်ပါပဲ။ ဒါကြောင့်လည်း ထိုင်းခရီးသွားတွေအနေနဲ့ သီရိလင်္ကာနိုင်ငံရဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံအကြားက ဆက်ဆံရေးကို ပြောခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ အွန်လိုင်းကနေ ၂၄ နာရီ ဗီဇာလျှောက်လို့ရတဲ့ ဝန်ဆောင်မှုကိုလည်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းခရီးသွားအများစုဟာ သီရိလင်္ကာနိုင်ငံကို လာရောက် လည်ပတ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Ref: Bangkok Post
You may also like these stories:
ပြန်လည်ဆန်းသစ် ထုတ်လုပ်တော့မယ့် ကော်ဖီအရသာ Coca-Cola Blak
အမျိုးသားတွေကို အပန်းဖြေလာဖို့ ခွင့်မပြုတဲ့ကျွန်း
၂၀၁၉ မှာ ခရီးသွား သန်း၂၀ လာရောက်ဖို့ အင်ဒိုနီးရှား အစိုးရ မျှော်လင့်
ပြည်မြို့သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွား များပြားလာ