ခရီးထွက်တဲ့အခါ လူတွေဟာ ဘယ်နေရာ ဘယ်ဒေသကို ခရီးထွက်ကြမလဲဆိုတာကို အဓိက ဦးစားပေး ရွေးချယ်လေ့ရှိပါတယ်။ အင်တာနက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ ယနေ့ခေတ်မှာတော့ Google ကို ဖွင့်ပြီး “ခရီးသွားဖို့ အကောင်းဆုံးအချိန်”လို့ ရိုက်ရှာလိုက်တာနဲ့ ဘယ်အချိန်မှာ ခရီးသွားတာက အကောင်းဆုံးလဲဆိုတာ အချက်အလက်တွေ များစွာ ထွက်လာပါလိမ့်မယ်။
တချို့တွေကလည်း ဆောင်းရာသီနဲ့ နွေရာသီလို အချိန်မျိုးမှာ ခရီးထွက်ရတာကို နှစ်သက်လေ့ ရှိကြပြီး တချို့ကတော့ မိုးရာသီမှာ ခရီးသွားရတာကို ပိုမိုနှစ်သက်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း မိုးရာသီမှာ ခရီးသွားသင့်တဲ့ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) လူစုလူဝေးကို ရှောင်ရှားနိုင်ခြင်း
ခရီးသွားအများစုဟာ နွေရာသီနဲ့ ဆောင်းရာသီလို အချိန်မျိုးတွေမှာ ခရီးထွက်လေ့ ရှိကြပါတယ်။ အဲဒီ အချိန်တွေဆိုရင်တော့ နိုင်ငံတကာမှာ ထင်ရှားတဲ့ ဘယ်နေရာကိုပဲ သွားသွား ရှုပ်ထွေးနေတဲ့ လူအုပ်စုကြီးကို တွေ့ရမှာ အမှန်ပါ။ မိုးရာသီဆိုရင်တော့ ခရီးသွားတွေလည်း နည်းသွားပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ ဘယ်နေရာကိုမဆို စိတ်အေးအေးနဲ့ သွားရောက် လည်ပတ်နိုင်ပါတယ်။
လူစုလူဝေးတွေကိုလည်း အထူးတလည် ရှောင်နေစရာ မလိုတော့ပါဘူး။ အထင်ကရ အဆောက်အဦတွေဆီကိုလည်း အန္တရာယ်ကင်းကင်း လည်ပတ်နိုင်သလို အသေးစိတ် လက်ရာတွေကိုလည်း အချိန် အများကြီးပေးပြီး လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ပန်းခြံလို နေရာမျိုးတွေမှာလည်း ရှုခင်းကြည့်ရင်း အချိန်ကောင်းကောင်း ဖြုန်းနိုင်ပါသေးတယ်။
(၂) ကုန်ကျစရိတ် သက်သာခြင်း
ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ၊ ခရီးသွားဝန်ဆောင်မှုကို ဆောင်ရွက်နေကြတဲ့ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ဈေးကြီးတဲ့အချိန်နဲ့ ဈေးသက်သာတဲ့ အချိန်ဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ ခရီးသွားများတဲ့အချိန်မှာ ဈေးပိုယူလေ့ ရှိပြီး ခရီးသွားနည်းတဲ့ အချိန်မှာ ဈေးလျှော့ယူလေ့ ရှိတတ်တာကလည်း သဘာဝပါ။
ဥပမာ – နီပေါနိုင်ငံကို ခရီးသွားရာသီမှာ လည်ပတ်မယ်ဆိုရင် အစစအရာရာက ဈေးကြီးနေပါလိမ့်မယ်။ မိုးရာသီလို အချိန်မျိုးမှာ သွားရောက် လည်ပတ်မယ်ဆိုရင်တော့ ဈေးနှုန်းချိုသာတာကို ကြုံရပါလိမ့်မယ်။ ဒါကြောင့်လည်း ဈေးနှုန်းချိုသာတဲ့ မိုးရာသီလို အချိန်မျိုးမှာ ခရီးသွားတာက ကုန်ကျစရိတ်ကို ပိုမို သက်သာစေနိုင်ပါတယ်။
(၃) အလှဆုံး ရှုခင်းတွေကို မြင်တွေ့နိုင်ခြင်း
မိုးရာသီ ရောက်ပြီဆိုတာနဲ့ နိုင်ငံအများစုက သက်ဆိုင်ရာ မြို့တွေရဲ့ ရှုခင်းတွေကို လှပတင့်တယ်အောင် ပိုမိုအားထုတ်ပြီး လုပ်ကိုင် ဆောင်ရွက်တတ်ကြပါတယ်။ မိုးရာသီဟာ သစ်ပင်ပန်းမန်တွေကို ပိုမို စိမ်းလန်းစိုပြေစေတဲ့ ရာသီဥတု ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပတ်ဝန်းကျင်မှာ အများစု စိမ်းလန်းသာယာနေလေ့ ရှိကြသလို ပန်းတွေလည်း ဝေဝေဆာဆာ ဖူးပွင့်တဲ့ အချိန်ခါပါ။
မိုးရာသီမှာ ခရီးထွက်လေ့ရှိတဲ့ ခရီးသွားဘလော့ဂါ တဦးဖြစ်သူ Alexandra Saper ကလည်း မိုးရာသီမှာသာ ရရှိနိုင်တဲ့ ခရီးသွား အတွေ့အကြုံကို အခုလိုပဲ ပြောပြပါတယ်။
“ခရီးသွားမယ်ဆိုရင် မိုးရာသီမှာ သွားတာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုရင် တခြား အချိန်တွေမှာ မတွေ့နိုင်တဲ့ သဘာဝရှုခင်း အလှတွေဟာ မိုးရာသီရောက်မှသာ အပြိုင်အဆိုင် ပေါ်ပေါက်လာတတ်လို့ပါ။ မိုးရွာလို့ ရေခိုးရေငွေ့ အနည်းငယ် ရှိနေပေမယ့်လည်း သဘာဝတရားရဲ့ အရောင်တွေကို ကြည်ကြည်လင်လင် မြင်တွေ့နိုင်တဲ့ အချိန်ကတော့ မိုးရာသီပါပဲ”လို့ Alexandra Saper က ပြောပါတယ်။
Ref. www.thewayfaress.com
You may also like these stories:
မိုးရာသီမှာ အရှေ့တောင် အာရှနိုင်ငံတွေဆီ ခရီးသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ
မိုးရာသီမှာ ခရီးသွားမယ်ဆို သိထားသင့်တဲ့အချက် ၇ ချက်
မိုးရာသီမှာ ခရီးထွက်မယ်ဆိုရင် ဘာတွေ ယူသွားသင့်သလဲ