သူ့နာမည်က Don Parrish ပါ။ Don ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လူတွေကတော့ Don ကို စွန့်စားခရီးတွေ အများကြီးထွက်ခဲ့တဲ့ အမေရိကန် တယောက်အနေနဲ့ ပိုသိကြပါတယ်။ သူ့ရဲ့ မွေးဖွားရာဇာတိကတော့ ဝါရှင်တန်ဒီစီပါ။
နိုင်ငံတကာကို လှည့်လည် ခရီးမထွက်ခင်တုန်းကတော့ သူဟာ အမေရိကန် နေရှင်နယ်လိဒ်ရဲ့ ဘောလုံးကစားသမားတယောက် ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူ့ဘဝရဲ့အချိန်တော်တော်များများဟာ ခရီးထွက်ခြင်းနဲ့သာ ကုန်ဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ကမ္ဘာပေါ်မှာ ခရီးအသွားနိုင်ဆုံး လူတယောက်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
သူသွားတဲ့ ခရီးတွေက စွန့်စားခန်းလို ခရီးမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်လည်း ဆင်းရဲဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ တကမ္ဘာလုံးကို လှည့်ပတ်ပြီး ခရီးထွက်ခဲ့ရာမှာ နေရာဒေသပေါင်း ၈၅၂ နေရာအထိ ရောက်နိုင်ခဲ့ပါတယ်။ သူသွားခဲ့တဲ့ ခရီးတွေမှာ ဝေးလံတဲ့ ဒေသတွေလည်း ပါဝင်ပါတယ်။
ဖီဂျီ သမ္မတနိုင်ငံကို ရောက်တဲ့အချိန် ဖီဂျီကျွန်းကနေ ကီလိုမီတာ ၄၅၀ (၂၇၅ ဒဿမ ၆၁၇ မိုင်) ဝေးကွာတဲ့ Conway သန္တာကျောက်တန်းအထိ သွားရောက် လည်ပတ်ခဲ့ပါတယ်။ အဲဒီခရီးကို သွားပြီးတဲ့ နောက်ပိုင်းမှာတော့ လူတွေက သူ့ကို ကမ္ဘာပါ်မှာ ခရီးအသွားနိုင်ဆုံး လူသားတယောက်အဖြစ် တင်စားခေါ်ဝေါ် ကြပါတော့တယ်။
သူဟာ Conway သန္တာကျောက်တန်းကို တခြား ခရီးသွားတွေနဲ့အတူ လှေစီးပြီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ Don အတွက်တော့ လှေစီးပြီး ခရီးသွားရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီခရီးစဉ် မတိုင်ခင်ကတည်းကသူဟာ သင်္ဘောစီးပြီး ခရီးသွားခဲ့တဲ့ အကြိမ်ပေါင်း ၆၀ ရှိပါတယ်။ သူသွားခဲ့တဲ့ အဲဒီနေရာတွေဟာ ရေလမ်းခရီးက လွဲလို့ ကျန်တာ ဘာလမ်းကြောင်းနဲ့မှ သွားလို့ မရတဲ့ ခရီးတွေပါ။
Conway ကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ မယုံနိုင်စရာ ကောင်းလှတဲ့ ခရီးစဉ် ရာပေါင်းများစွာထဲက တနေရာ ဖြစ်ခဲ့ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ ဒေသပေါင်း ၂၆ နေရာကို လည်ပတ်ခဲ့ပြီးဖြစ်သလို ဂျာမနီနိုင်ငံမှာရှိတဲ့ ပြည်နယ် စုစုပေါင်း ၁၆ ပြည်နယ်ကိုလည်း လည်ပတ်ခဲ့ပြီး ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ နေရာပေါင်း ၈၅ နေရာကိုလည်း လည်ပတ်ခဲ့ပါတယ်။
Don ဟာ ကမ္ဘာမှာ အလျှို့ဝှက်ဆုံးနိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံကိုလည်း လည်ပတ်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ် ပြီးတဲ့နောက်မှာတော့ သူဟာ မြောက်ကိုရီးယားနိုင်ငံကို လည်ပတ်နိုင်ခဲ့တဲ့ ပထမဆုံး အမေရိကန်အမျိုးသားတယောက် ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယား သတင်းစာတွေကပါ သူ့ခရီးစဉ်တွေ အကြောင်း ဖော်ပြခဲ့ကြပါတယ်။
အသက် ၇၅ နှစ် ပြည့်တော့မှာဖြစ်တဲ့ Don ဟာ အခုချိန်ထိတိုင်အောင် ချီကာဂိုမြို့အပြင်မှာ နေထိုင်လျက် ရှိပါတယ်။ ၁၉၆၅ ခုနှစ်၊ နွေရာသီတုန်းကတော့ ခရီးသွားကြမ်းပိုးဖြစ်တဲ့ Don ဟာ အနောက် ဂျာမနီနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပြီး စက်ရုံ တရုံမှာ အလုပ်ဝင်လုပ်နေခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာတော့ ဆိုဗီယက်ယူနီယံနဲ့ အရှေ့ ဥရောပဒေသတွေကို သွားရောက်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲ ဖြစ်ပွားနေစဉ် အချိန်မှာပဲ Don ဟာ ဆိုဗီယက် ယူနီယံကို လည်ပတ်ခဲ့ပါတယ်။
တကမ္ဘာလုံး လှည့်ပတ်ပြီး ခရီးထွက်ခဲ့တဲ့ အချိန်ကတော့ ၁၉၇၁ ခုနှစ်ပါ။ နောက်ပိုင်းမှာတော့ လူတွေ အိပ်မက်ထဲမှာသာ ထည့်မက်ဖို့ ဖြစ်နိုင်တဲ့ ဒေသတွေကို Don တယောက် အရောက်သွားနိုင်ခဲ့ပါတယ်။ တချို့ ဒေသတွေကတော့ အသက်အန္တရာယ်ပါ ရှိတဲ့ ဒေသတွေပါ။ Don လည်ပတ်ခဲ့တဲ့ ဒေသတွေထဲမှာ မြောက်ကိုရီးယား၊ အီစတာကျွန်း၊ ဆိုမာလီယာ စတဲ့ ဒေသတွေလည်း ပါဝင်ပါတယ်။
Don ဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက Khyber တောင်ကြားလမ်းကိုလည်း သွားရောက်နိုင်ခဲ့သလို ဖင်လန်နိုင်ငံမှာရှိတဲ့ အာတိတ်စက်ဝိုင်းမှာလည်း မတ်တပ် ရပ်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာကို လှည့်လည် ခရီးသွားနေခဲ့တဲ့ Don ဟာ အိမ်ထောင်မရှိသူ တယောက်ဖြစ်ပြီး သူ့အမွေကို ဆက်ခံဖို့အတွက်လည်း ကလေးတယောက်မှ မရှိသူပါ။ ခရီးသွားခဲ့တာတွေနဲ့ ပတ်သက်ပြီး Don က အခုလိုပဲ ပြောပါတယ်။
“တကမ္ဘာလုံးကို ပတ်ပြီး ခရီးသွားဖို့ အစီအစဉ်က ၁၉၇၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ပထမဆုံး သွားရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ လေယာဉ်လက်မှတ်ကို မိတ္တူကူးပြီး အခုချိန်ထိတိုင်အောင် ကျနော် သိမ်းထားပါသေးတယ်။ ပထမဆုံး ခရီးစဉ်ကတော့ ကျနော့်အတွက် အလွန်ဈေးများတဲ့ ခရီးစဉ်တခုပါပဲ။ ကုန်ကျစရိတ်က ကားသစ်တစီးတောင် ဝယ်လို့ရပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာကြီးရဲ့ အံ့သြစရာ အဖြစ်အပျက်တွေ၊ ယဉ်ကျေးမှုနဲ့ မြို့ ပြတွေမှာ ၆ ပတ်လောက် နေထိုင်ခဲ့ရတော့ နောက်ထပ် ခရီးတွေ ထပ်သွားဖို့အတွက် အတွေ့အကြုံကောင်းကောင်း ရစေခဲ့ပါတယ်”
“အီစတာကျွန်းဟာ ခရီးသွားတွေအတွက် မဖြစ်မနေ သွားရောက်သင့်တဲ့ ကျွန်းတကျွန်းပါ။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျနော်ဟာ အီစတာကျွန်းကို လည်ပတ်ခဲ့ပြီးဖြစ်တဲ့အတွက် ကံကောင်းတဲ့ လူတယောက်လို့ ဆိုနိုင်ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ ငှက်ကုလားအုတ် တကောင်စီးပြီး တောင်အာဖရိကကို ကျနော် လည်ပတ်ခဲ့သလို တောင်ဝန်ရိုးစွန်းကိုလည်း လည်ပတ်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တွေအားလုံးကိုလည်း ၁ နှစ်နဲ့ အပြီး လည်ပတ်နိုင်ခဲ့ပါတယ်”လို့ Don က ပြောပါတယ်။
“ခရီးသွားရတာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တဲ့အတွက် အသက်ရှည်ရှည် နေရပြီး၊ ခရီးများများသွားနိုင်ဖို့ ဆေးလိပ် မသောက်၊ ကော်ဖီ မသောက်ဘဲ နေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Bosaso, Puntland နဲ့ ဆိုမာလီယာကို သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ မြောက်ကိုရီးယားကိုတော့ တခြား ခရီးသွား အဖော် ၄ ဦးနဲ့အတူ သွားရောက်ခဲ့ပြီး ကျနော်တို့တွေက မြောက်ကိုရီးယားနိုင်ငံကို လည်ပတ်နိုင်ခဲ့တဲ့ ပထမဆုံးသော အမေရိကန်တွေ ဖြစ်ခဲ့ပါတယ်”လို့ Don က Los Angeles Times သတင်းစာကို ပြောခဲ့ပါတယ်။
Ref. news.com.au, en.wikipedia
You may also like these stories:
တချိန်က သိုင်းဆရာကြီး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြေးတွေကိုတောင် မချီနိုင်တော့တဲ့ Sammo Hung