National Geographic ခရီးသွားဓာတ်ပုံ ပြိုင်ပွဲအတွက် အကောင်းဆုံး ဓာတ်ပုံဆုတွေကို ဇွန်လအတွင်းက ပေးအပ်ခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲကိုတော့ ခေါင်းစဉ် ၃ ခုနဲ့ ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဓာတ်ပုံသမားတွေ ယှဉ်ပြိုင်ရတဲ့ ခေါင်းစဉ် ၃ ခုကတော့ “သဘာဝအကြောင်း” ၊ “မြို့များအကြောင်း” နဲ့ “လူများအကြောင်း” တို့ ဖြစ်ပါတယ်။
အဲဒီ ခေါင်းစဉ် ၃ ခုအောက်မှာ ဓာတ်ပုံသမားပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ ဓာတ်ပုံ ဝါသနာရှင်တွေဟာ သူတို့ကြိုက်တဲ့ ဓာတ်ပုံကို အနိုင်ရစေချင်တဲ့အတွက် မဲပေးခဲ့ကြပါတယ်။ ဒီဆုပေးပွဲမှာ အထူးဆုချီးမြှင့်ခံရသူ Weimin Chu က အမေရိကန် ဒေါ်လာ ၇,၅၀၀ ရရှိသွားပါတယ်။
National Geographic က ပေးတဲ့ အထူးဆုကို ရရှိသွားသူ Weimin Chu ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကတော့ ဒိန်းမတ်နိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Greenland နယ်မြေအတွင်းက Upernavik ဆိုတဲ့ တံငါမြို့လေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ အဲဒီ တံငါရွာကလေးဟာ လူဦးရေ ၁,၀၀၀ ကျော်သာရှိပြီး Greenland နယ်မြေဟာအာတိတ်သမုဒ္ဒရာနဲ့ အတ္တလန္တိတ် သမုဒ္ဒရာတို့ အကြားမှာ တည်ရှိပါတယ်။
National Geographic ခရီးသွားဓာတ်ပုံ ပြိုင်ပွဲမှာ Weimin Chu က သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကို “Winter in Greenland” ဆိုတဲ့ နာမည်ပေးပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Greenland ဒေသမှာဆိုရင်တော့ တံငါသည်တွေရဲ့နေအိမ်ကို အပြာရောင် ဆေးသုတ်ထားလေ့ရှိပြီး စတိုးဆိုင်တွေကိုတော့ အနီရောင် ဆေးသုတ်ထားလေ့ရှိသလို ဆီးနှင်းတွေကလည်း အမြဲလိုလို ကျနေလေ့ရှိပါတယ်။ အခုဆိုရင်တော့ ဆီးနှင်းတွေအောက်က အရောင်စုံစုံ အိမ်ကလေးတွေကို တွေ့နိုင်ပါတယ်။ ဓာတ်ပုံနဲ့ ပတ်သက်ပြီး Chu က သူ့အတွေ့အကြုံကို အခုလိုပဲ ပြောပါတယ်။
“အဲဒီနေရာလေးဟာ သဘာဝတရားနဲ့ တကယ့်ကို သဟဇာတဖြစ်နေတဲ့ နေရာပါပဲ။ ရှုမျှော်ခင်း တခုလုံးကို အဖြူရောင် ဖုံးအုပ်ထားလေ့ရှိပြီး အေးစက်တဲ့ ဆီးနှင်းတွေလည်း ကျနေပါတယ်။ ရာသီဥတုက အေးစက်နေပေမယ့်လည်း မိုးမလင်းခင် ရောက်လာလေ့ရှိတဲ့ အပြာရောင် အလင်းစက်တွေက ဓာတ်ပုံရိုက်ချင်စိတ်ကို ဖြစ်စေပါတယ်။ ကျနော်ဟာ အဲဒီတချိန်လုံးမှာ ဓာတ်ပုံပေါင်းများစွာကို အကောင်းဆုံး ရိုက်ကူးနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်”လို့ Chu က ပြောပါတယ်။
နောက်ဆုံးတော့ Chu ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကို ကမ္ဘာတဝှမ်းက ဓာတ်ပုံပညာရှင်တွေနဲ့ National Geographic ရဲ့ ဝန်ထမ်းတွေက အထူးဆုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အထူးဆုကို Weimin Chu က ရှိပြီးတဲ့နောက်မှာတော့ ပထမဆု ရရှိခဲ့သူကတော့ Huaifeng Li ပါ။ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကတော့ တရုတ်နိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီ ညနေခင်း အော်ပရာတခုမှာ ကပြဖို့ ပြင်ဆင်နေကြတဲ့ သရုပ်ဆောင်တွေကို ရိုက်ကူးထားတဲ့ပုံပါ။ သူကတော့ ကဏ္ဍ ၃ ခုအနက် က “လူများ” ဆိုတဲ့ကဏ္ဍအောက်မှာ ပထမဆု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် ပထမဆု ရရှိသူကတော့ မက္ကဆီကိုနိုင်ငံက Tamara Blazquez Haik ဆိုတဲ့ အမျိုးသမီး တယောက်ပါ။ သူရိုက်ခဲ့တဲ့ ဓာတ်ပုံကတော့ စပိန်နိုင်ငံ Monfrague အမျိုးသားပန်းခြံရဲ့ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လင်းတငှက် အကြီးစားတကောင်ကို ရိုက်ယူခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ “သဘာဝ” ဆိုတဲ့ကဏ္ဍအောက်ကနေ ပထမဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
Ref. yourshot.nationalgeographic.com , www.laughingplace.com
You may also like these stories:
ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ကမ္ဘာလှည့် ခရီးသွားခဲ့တဲ့ အမျိုးသမီး
ခရီးသွားရင်း ဝင်ငွေရအောင် ဘယ်လို လုပ်ကြမလဲ
ပုဂံဘုရား၌ ရိုက်ကူးသည့် ဓာတ်ပုံ ၂၀၁၈ အကောင်းဆုံး ခရီးသွားဓာတ်ပုံဆုရရှိ