ဆွီဒင်နိုင်ငံကို ရောက်သွားတဲ့အခါ ကိုယ်စိတ်ကြိုက်နေရာတွေမှာ လမ်းလျှောက်တာ၊ ကားမောင်း၊ ဆိုင်ကယ်မောင်းတာ၊ နှင်းလျှောစီးတာနဲ့ တောတွင်း စခန်းချတာမျိုးတွေကို ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်းနေစရာ မလိုဘဲ စိတ်တိုင်းကျ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံကတော့ ပိုင်ရှင် ခွင့်ပြုချက် မလိုဘဲ ကိုယ်ကြိုက်နှစ်သက်တဲ့ နေရာတွေဆီကို လည်ပတ်နိုင်ဖို့ ခွင့်ပြုထားပါတယ်။
ပိုင်ရှင် ခွင့်ပြုချက် မလိုဘဲ လည်ပတ်ချင်တဲ့ နေရာတွေကို လည်ပတ်နိုင်မှာဖြစ်တဲ့ ဒီအစီအစဉ်ကိုတော့ ဆွီဒင်လို “Allemansrätt” (The Right of Public Access) လို့ အမည်ပေးထားပါတယ်။ ဒီအစီအစဉ်မှာဆိုရင် ဆွီဒင်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပန်းခြံ၊ မြစ်ချောင်းနဲ့ နှင်းလျှောစီးကွင်းပြင်တွေသာမက ပုဂ္ဂလိကပိုင် နေရာမျိုးတွေကိုပါ စိတ်တိုင်းကျ လည်ပတ်နိုင်မှာလည်း ဖြစ်ပါတယ်။
“Allemansrätt” အစီအစဉ်
ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ တောင်တန်း ကုန်းမြင့်တွေ၊ ကမ်းရိုးတန်းတွေနဲ့ ကျွန်းစုတွေဟာ လာရောက်လည်ပတ်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေကို စောင့်မျှော်နေကြပါတယ်။ ဆွီဒင်နိုင်ငံက စီစဉ်ပေးထားတဲ့ ဒီအစီအစဉ်ဟာ နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှု ရစေမှာဖြစ်သလို ဆွီဒင်နိုင်ငံ တဝှမ်းလုံးကိုလည်း တံခါးမရှိ၊ ဓားမရှိ လည်ပတ်နိုင်မှာလည်း ဖြစ်ပါတယ်။
အဲဒီလို စိတ်တိုင်းကျ လည်ပတ်ခွင့် ပြုထားတဲ့ နေရာတွေမှာတော့ ကာကွယ် စောင့်ရှောက်ထားတဲ့ မျိုးစိတ်တွေနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ နေရာတွေတော့ မပါဝင်ပါဘူး။ ဒီလို တားမြစ်ထားတာကလည်း သက်ဆိုင်ရာ ပိုင်ရှင်တွေဘက်က ထည့်စဉ်းစားပေးထားတဲ့ အတွက်ကြောင့်ပါ။
ဆွီဒင်နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီကလည်း လာရောက် လည်ပတ်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေအတွက် ဆောင်ပုဒ်ကတွေ စီစဉ်ပေးထားပါတယ်။ အဲဒီ ဆောင်ပုဒ်တွေကတော့ “မနှောင့်ယှက်ပါနဲ့” ၊ “မဖျက်ဆီးပါနဲ့” ဆိုတဲ့ ဆောင်ပုဒ်တွေပါ။
ဒီအစီအစဉ်မှာဆိုရင် ကိုယ်ကြိုက်နှစ်သက်ရာ ပန်းအမျိုးအစားတွေကို ခူးဆွတ်ခွင့် ပေးထားသလို ဘယ်ရီသီးတွေကိုလည်း စိတ်တိုင်းကျ ခူးစားနိုင်ပါတယ်။ ဒါ့အပြင် ဆွီဒင်နိုင်ငံရဲ့ ဘယ်ရေကန်မှာမဆို ရေးကူးနိုင်ခွင့် ပေးထားပြီး လူထူထူ အရပ်နဲ့ ဝေးကွာချင်တယ်ဆိုရင်လည်း ကိုယ့်စိတ်ကြိုက် ကမ်းခြေတခုခုမှာ သွားအနားယူရုံပါပဲ။
ငါးဖမ်း ဝါသနာပါသူတွေကတော့ ဆွီဒင်နိုင်ငံရဲ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကြီးမားတဲ့ ကန် ၅ ကန်မှာ စိတ်တိုင်းကျ ငါးဖမ်းခွင့်လည်း ပြုထားပါသေးတယ်။
Ref. www.weforum.org , visitsweden.com
You may also like these stories:
နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှုပေးတဲ့ အာရှ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်
၂၀၁၉ ခုနှစ် National Geographic ခရီးသွားဓာတ်ပုံ ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ပုံများ
Amsterdam ကို လည်ပတ်မယ့် ခရီးသွားအရေအတွက် ထိန်းချုပ်စေချင်တဲ့ မြို့ခံလူထု
စိတ်ကိုငြိမ်းချမ်းစေနိုင်တဲ့ လာအိုနိုင်ငံရဲ့ လွမ်ပရာဘွမ်မြို့