အသက် ၅၂ နှစ်အရွယ်ရှိ အမြင်အာရုံ ချို့ယွင်းနေတဲ့ ဂျပန်လူမျိုး Mitsuhiro Iwamoto ဟာ ပစိဖိတ်သမုဒ္ဒရာကို ၂ လအတွင်း အောင်အောင်မြင်မြင် ရွက်လွှင့်နိုင်ခဲ့ပါတယ်။
မိုင်ပေါင်း ၈,၇၀၀ (ကီလိုမီတာအားဖြင့် ၁၄,၀၀၀ ကီလိုမီတာ) ကို ပေ ၄၀ ရှိတဲ့ သူ့ရဲ့ရွက်လှေနဲ့ ရွက်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ အမေရိကန်လူမျိုး ရေကြောင်းပြကျွမ်းကျင်သူ Douglas Smith လည်း ပါဝင်ခဲ့ပြီး သူတို့ နှစ်ဦးသားဟာ ပစိဖိတ်သမုဒ္ဒရာကို အချိန် ၂ လနဲ့ အောင်မြင်စွာ ရွက်လွှင့်နိုင်ခဲ့တာပါ။
ပစိဖိတ်သမုဒ္ဒရာကို ရွက်လွှင့်နိုင်ခဲ့သူတွေထဲမှာ Mitsuhiro Iwamoto ဟာ ပထမဦးဆုံး မျက်မမြင် ရွက်လွှင့်နိုင်ခဲ့သူဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ၂ လအတွင်း မရပ်မနား ရွက်လွှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ Mr. Iwamoto ဟာ အသက် ၁၆ နှစ်မှာ အမြင်အာရုံ ဆုံးရှုံးခဲ့ရပြီး ၂၀၁၃ ခုနှစ်တုန်းက ဂျပန် အမျိုးသားတဦးနဲ့အတူ ပစိဖိတ်သမုဒ္ဒရာကို ပထမဦးဆုံးအနေနဲ့ ရွက်လွှင့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဝေလငါးတွေကြောင့် သူ့ရဲ့ရွက်လှေဟာ နစ်မြုပ်ခဲ့ရပြီး ပစိဖိတ်သမုဒ္ဒရာကို ရွက်လွှင့်တာ မအောင်မြင်ခဲ့ပါဘူး။
ဒုတိယအကြိမ် ရွက်လွှင့်ခရီးစဉ်အတွက် သူ့အနေနဲ့ အချိန်အတန်ကြာ ပြင်ဆင်ခဲ့ရပြီး ပင်လယ်ရေကြောင်းခရီးရှည် ရွက်လွှင့်မှုအတွက် ကူညီခဲ့တဲ့ အမေရိကန်နိုင်ငံသား Douglas Smith ကိုလည်း ကျေးဇူးတင်ကြောင်း သူ့ရဲ့Website မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီလိုရွက်လွှင့်နိုင်ခဲ့မှုအတွက် Iwamoto က “ကျနော့်လို မျက်မမြင် လူတယောက်အတွက် ပစိဖိတ်သမုဒ္ဒရာကို ရွက်လွှင့်နိုင်ဖို့ဆိုတာဟာ အိပ်မက်တခုလိုပါပဲ။ ဒါပေမဲ့ ကျနော့်အိပ်မက်က အခုဆို လက်တွေ့ တကယ်ဖြစ်လာတဲ့အတွက် အတိုင်းမသိအောင် ပျော်ရွှင်ဝမ်းမြောက်ရပါတယ်။ ပင်လယ်ရေကြောင်း ခရီးရှည်မှာ အစစအရာရာ ကူညီခဲ့တဲ့ Smith ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ Japan’s Kyodo News နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ပစိဖိတ်သမုဒ္ဒရာကို မျက်မမြင်တယောက်အနေနဲ့ ရွက်လွှင့်နိုင်ခဲ့တာကြောင့် နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဆုကြေးငွေနဲ့ ဂုဏ်ပြုဆုတံဆိပ်တွေကို ရရှိခဲ့ပြီး ဒီရွက်လွှင့်နိုင်မှုမှာ ရရှိခဲ့တဲ့ ဆုကြေးငွေအားလုံးကို Iwamoto နဲ့ Smith တို့ဟာ အိမ်ခြေရာမဲ့တွေ၊ မျက်စိဆေးရုံနဲ့ အမြင်အာရုံချို့ယွင်းသူတွေအတွက် တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။
Ref. www.bbc.com
You may also like these stories:
ရေနစ်နေတဲ့ ခိုးဝင်ဒုက္ခသည်ကို ကူညီမိလို့ ထောင်ဒဏ်နှစ် ၂၀ ချခံရမယ့် အမျိုးသမီး
ထိုင်းလူငယ်တွေကြား ရေပန်းစားလာတဲ့ ရွက်လှေစီးခြင်း
နယူးယောက်မြို့ရဲ့ မာရသွန်ပွဲမှာ ပထမဆုံးအကြိမ်ပန်းဝင်ခဲ့တဲ့ မျက်မမြင်အမျိုးသား