ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံအတွက် အဓိကကျတဲ့ စီးပွားရေး လုပ်ငန်းတခုပါ။ ဒါကြောင့်လည်း ခရီးသွားဈေးကွက်မှာ နေရာများများ ရယူနိုင်ဖို့ ထိုင်းနိုင်ငံက အမြဲကြိုးစားလေ့ ရှိပါတယ်။ အခုဆိုရင်လည်း ထိုင်းနိုင်ငံဟာ အစ္စလာမ် ကမ္ဘာကနေ သူတို့နိုင်ငံကို လာရောက် လည်ပတ်ကြမယ့် မွတ်စလင်တွေအတွက် ခရီးသွားဈေးကွက်ကို ထပ်မံချဲ့ထွင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မလေးရှား၊ တူရကီနဲ့ အခြားနိုင်ငံပေါင်း များစွာကလည်း မွတ်စလင် ခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆွဲဆောင်လာကြပါတယ်။
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မွတ်စလင် ခရီးသွား အညွှန်းကိန်းတွေအရဆိုရင် ဟလာလ် ခရီးသွားလုပ်ငန်းဟာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပါတယ်။ ဟလာလ် ခရီးသွားလုပ်ငန်းဟာ အစ္စလာမ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့ မွတ်စလင် မိသားစုတွေအတွက် ဦးတည် ရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်းလည်း ဖြစ်ပါတယ်။
ဟလာလ် ခရီးသွားလုပ်ငန်းက စီစဉ်ပေးထားတဲ့ ဟိုတယ်တွေဟာ အရက်လုံးဝ မရောင်းတဲ့ ဟိုတယ်တွေ ဖြစ်ပြီး ရေကူးကန်နဲ့ အခြားအပန်းဖြေစရာ နေရာတွေကိုလည်း ကျား၊ မ ခွဲခြားပေးထားတဲ့ ဟိုတယ်တွေပဲ ဖြစ်ပါတယ်။
အစ္စလာမ် စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်နာ ဆောင်ရွက်ပေးနေတဲ့ ဟလာလ် ခရီးသွားလုပ်ငန်းကို နိုင်ငံတကာကလည်း အသိအမှတ် ပြုထားကြပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မွတ်စလင် ခရီးသွား အစီရင်ခံစာအရဆိုရင်လည်း ထိုင်းနိုင်ငံဟာ မွတ်စလင် ခရီးသွား အများဆုံး လာရောက်နိုင်တဲ့ ၁၀ နိုင်ငံစာရင်းမှာ ဒုတိယနေရာက ရှိနေပါတယ်။ မွတ်စလင် ခရီးသွား အများဆုံး လာရောက်တဲ့ နိုင်ငံကတော့ စင်ကာပူနိုင်ငံပါပဲ။
ဒီအစီရင်ခံစာဟာ မွတ်စလင်တွေ လည်ပတ်မယ့် နိုင်ငံတွေရဲ့ ဝန်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင်၊ ဆက်သွယ်ရေးနဲ့ အခွင့်အလမ်း စတဲ့ အချက် ၄ ချက်မှာ အခြေခံပြီး တွက်ချက်ထားတာလည်း ဖြစ်ပါတယ်။
နောက်ထပ် ဖော်ပြထားတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ မွတ်စလင် ခရီးသွားတွေအပေါ် နားလည်မှုအပြင် ဗလီမှာ ဝတ်ပြုနိုင်ဖို့ ဝန်ဆောင်မှု၊ ဟလာလ် လုပ်ပြီးသား အစားအသောက်တွေကိုသာ ပြင်ဆင်ထားရှိမှု စတဲ့ အချက်တွေလည်း ပါဝင်ပါသေးတယ်။
မွတ်စလင်ခရီးသွား ဈေးကွက်ဟာ တဖြည်းဖြည်း ကြီးထွားလာနေပြီး ၂၀၂၀ ခုနှစ်မှာ ခရီးသွား သန်း ၁၆၀ လောက်အထိ ရှိလာဖို့ မျှော်လင့်ရပြီး မွတ်စလင် ခရီးသွားတွေကနေ ဒေါ်လာ ၂၂၀ ဘီလီယံလောက် ရရှိမယ်လို့လည်း မျှော်လင့်ရပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ မွတ်စလင် ခရီးသွား သန်း ၂၃၀ လောက်ကနေ ဒေါ်လာ ၃၀၀ ဘီလီယံ ရနိုင်ဖွယ် ရှိပါတယ်။
မွတ်စလင် ခရီးသွားတွေ အများဆုံး လာရောက်ကြတဲ့ စာရင်းမှာ ဂျပန်၊ ထိုင်ဝမ်၊ တောင်အာဖရိကနဲ့ တောင်ကိုရီးယားတို့လည်း ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ မွတ်စလင်ခရီးသွားပေါင်းက ၃ ဒဿမ ၆သန်း နဲ့ ၃ ဒဿမ ၇ သန်းကြားမှာ ရှိခဲ့ပါတယ်။
Ref. Bangkokpost.com
You may also like these stories:
ထိုင်းနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ
ကမ္ဘာ့အလှဆုံး စာရင်းဝင်ဖြစ်လာတဲ့ ထိုင်းနိုင်ငံက Khao Sok အမျိုးသားဥယျာဉ်
ထိုင်းနိုင်ငံကို ဈေးသက်သက်သာသာနဲ့ ဘယ်လိုအလည်သွားမလဲ
၂၀၁၉ ခုနှစ်မှာ ခရီးသည် ၄၁ သန်းလာရောက်ဖို့ မျှော်လင့်ထားတဲ့ ထိုင်းနိုင်ငံ