အာရှတိုက်အကြောင်း လူတွေပြောလေ့ရှိတဲ့အခါ သဘာဝကမ်းခြေနဲ့ ပျော်စရာကောင်းတဲ့ ကမ်း ခြေပါတီပွဲ တွေအကြောင်း စတာတွေကို ပြောလေ့ရှိကြပါတယ်။ တကယ်တော့ ဒီအရာတွေဆိုတာ အာရှတိုက်အတွက် အံ့သြစရာတော့လည်း မဟုတ်ပါဘူး။
အာရှတိုက်ကနိုင်ငံအများစုဟာ တိုင်းပြည်စီးပွားရေးကို အကျိုးဖြစ်စေတဲ့ ခရီးသွားလုပ်ငန်းကို အမျှော်အမြင်ရှိရှိနဲ့ လုပ်ဆောင် နိုင်ခဲ့တဲ့အတွက် အာရှတိုက်ရဲ့ နေရာအများစုဟာ နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှု တစုံတရာပေးနိုင်တဲ့ ဒေသတခု ဖြစ်လာခဲ့ပါတယ်။
အာရှတိုက်က တချို့ မြို့ကလေးတွေဟာ တောတောင်တွေဝိုင်းရံထားတဲ့အတွက် ဆောင်းရာသီ ကို နှစ်သက်ကြတဲ့ အနောက်နိုင်ငံသားခရီးသွားတွေ အတွက်တော့ အဆင်ပြေပြေ လည်ပတ် နိုင်တဲ့မြို့ ကလေးတွေပါပဲ။ အဲဒီဒေသတွေဟာ ဆီးနှင်းတွေကလည်း ကျနေလေ့ရှိတဲ့အတွက် တခုခုကို စိတ်ကူးယဉ်ချင်သူတွေအတွက် တကယ်ကိုအဆင်ပြေတဲ့ မြို့ကလေးတွေပါပဲ။
အဲဒီလို စိတ်ကူးယဉ်လို့ကောင်းတဲ့ အာရှတိုက်ရဲ့ မြို့ ၈ မြို့ကို ခရီးသွား Website တခုဖြစ်တဲ့ Aworldtotravel Website မှာဖော်ပြထားပါတယ်။ တောတောင်နဲ့ ဆီးနှင်းချစ်သူတွေရွေးချယ်ထားတဲ့အဲဒီ Website မှာ ဖော်ပြထားတဲ့ မြို့ ၈ မြို့ စာရင်း မှာ မြန်မာနိုင်ငံက ပူတာအိုမြို့လည်း ပါဝင်ပါတယ်။
Website မှာဖော်ပြထားတဲ့ မြို့ ၈ မြို့ ကတော့
၁။ ဆပ်ပိုရို(ဂျပန်နိုင်ငံ)
ဂျပန်နိုင်ငံမှာဆိုရင်တော့ ဆီးနှင်းချစ်သူတွေအတွက် လည်ပတ်စရာတွေက အများအပြားပါပဲ။ အဲဒီလို နေရာ အများအပြားထဲကမှ ထင်ရှားတဲ့နေရာကတော့ ဆပ်ပိုရိုမြို့ပါပဲ။ ဆပ်ပိုရိုမြို့မှာဆိုရင်တော့ နှင်းလျှောစီးတဲ့နေရာ တွေကလည်း အများအပြားပါပဲ။ ဖေဖော်ဝါရီလမှာဆိုရင် နှင်းပွဲတော်ကို ကျင်းပလေ့ရှိသလို ဟော့ကိုင်းဒိုးက လူ ၂သန်း လောက်က ဆပ်ပိုရိုမြို့ ကို အလည်သွား လေ့ရှိကြပါတယ်။
၂။ ယူနန်(တရုတ်နိုင်ငံ)
တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်ကလည်း ဆီးနှင်းနဲ့ တောင်တန်းချစ်သူတွေအတွက် ဒုတိယမြောက် လည်ပတ်ချင်စရာ ကောင်းတဲ့ နေရာတခုပါပဲ။
၃။ ယောင်းပြောင်(တောင်ကိုရီးယားနိုင်ငံ)
ယောင်းပြောင်ဟာ နှင်းလျှောစီးဖို့ အကောင်းဆုံးနေရာတနေရာပါပဲ။ ဒါကြောင့်လည်း နှင်းလျှောစီး သူအများအပြားဟာ ယောင်းပြောင်ကို လာရောက်လေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး ကတော့ ညဉ့်နက်သန်းခေါင်မှာ ဝပ်အားများများနဲ့ ထွန်းထားတဲ့ မီးလုံးကြီးတွေအောက် နှင်းလျှောစီး ကြတာပါပဲ။ ယောင်းပြောင်ကလည်း ဂျပန်နိုင်ငံက ဆပ်ပိုရိုမြို့လိုပဲ ဖေဖော်ဝါရီလရောက်တိုင်း နှင်းပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။
၄။ ဆာပါ(ဗီယက်နမ်နိုင်ငံ)
ဆာပါမြို့ကတော့ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်းမှာတည်ရှိပါတယ်။ အခုဆိုရင်တော့ ဗီယက်နမ်နိုင်ငံကိုတော့ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွားတွေက အများအပြားပါပဲ။ ဆာပါ မြို့ တဝိုက်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူနည်းစုတွေကလည်း စိတ်ဝင်စားဖို့ ကောင်းသလို တောင်တန်းတွေရဲ့ သဘာဝအလှအပ တွေကလည်း နိုင်ငံတကာခရီးသွားတွေ လာရောက်လည်ပတ်ကြဖို့ ဆွဲဆောင်နေသလိုပါပဲ။
၅။ ထိုင်ချန်း(ထိုင်ဝမ်)
ထိုင်ချန်းမြို့ဟာ ထိုင်ဝမ်ဒေသမှာရှိတဲ့ မြို့တမြို့ပါပဲ။ ထိုင်ဝမ်မြို့ရဲ့ ဆောင်းရာသီအလှဟာ နိုင်ငံတကာ ခရီးသွားတွေအကြားမှာ နာမည်မကြီးပေမယ့်လည်း မီတာ ၃၈၈၆ (၁၂၇၄၉ ဒဿမ ၃၄ ပေ)မြင့်တဲ့ Xueshan နှင်းတောင်ကတော့ နိုင်ငံတွင်းမှာ ဒုတိယအမြင့်ဆုံးတောင်အဖြစ် ရပ်တည်နေပါတယ်။
ဒီနှင်းတောင်ကြီးကို နိုင်ငံ တကာက လာရောက်ကြတဲ့ တောင်တက်သမား အများစုက မေ့လျှော့နေကြပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာ Xueshan နှင်းတောင်ကို တက်မယ်ဆိုရင် အန္တရာယ်ကင်းကင်းတက်နိုင်ပြီး လှပတဲ့ သဘာဝရှုခင်းတွေကိုလည်း မြင်ရမှာ ပဲဖြစ်ပါတယ်။
၆။ အူလန်ဘာတာ(မွန်ဂိုလီးယားနိုင်ငံ)
ဘေကျင်းမြို့ကနေ မိုင်ရာဂဏန်းလောက်သွားလိုက်မယ်ဆိုရင် မွန်ဂိုလီးယားနိုင်ငံရဲ့ အူလန်ဘာတာ မြို့တော်ကို ရောက်ပါပြီ။ နိုဝင်ဘာလကနေ မတ်လအတွင်းမှာဆိုရင်တော့ အပူချိန်က အနုတ်လက္ခဏာပြလေ့ရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း မွန်ဂိုလီးယားနိုင်ငံဟာ အာရှတိုက်အတွက်တော့ အအေးပိုတဲ့ ဒေသတခုပါပဲ။
၇။ ပူတာအို(မြန်မာနိုင်ငံ)
ပူတာအိုမြို့ကလည်းမြန်မာနိုင်ငံရဲ့ နာမည်ကြီးဒေသတွေဖြစ်တဲ့ ပုဂံနဲ့ အင်းလေးကန်တို့လို နိုင်ငံ တကာခရီးသွားတွေ စိတ်ဝင်စားတဲ့ မြို့တမြို့ပါ။ ပူတာအိုမြို့ဟာ ကချင်ပြည်နယ်ရဲ့ မြောက်ဘက် စွန်းမှာတည်ရှိပြီး သဘာဝ ချစ်သူတွေအတွက်ကတော့ အိပ်မက်ဆန်တဲ့မြို့ကလေးပါပဲ။
ပူတာအို ဒေသမှာဆိုရင်တော့ အာရှရဲ့ အမြင့်ဆုံး တောင်တွေထဲက တခုဖြစ်တဲ့ ခါကာဘိုရာဇီတောင် တည် ရှိပါတယ်။ ခါကာဘိုရာဇီတောင်ဟာ ဟိမဝန္တာတောင်တန်းနဲ့ ဆက်နေပြီး အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။ ခါကာဘိုရာဇီတောင်ရဲ့ အမြင့်ကတော့ ၁၉၂၉၆ ပေ ရှိ ပါတယ်။
၈။ ဟိမဝန္တာတောင်တန်း
ဟိမဝန္တာတောင်တန်းကတော့ ကမ္ဘာပေါ်မှာထင်ရှားရုံသာမက လှပတဲ့တောင်တန်းတခုလည်း ဖြစ် ပါတယ်။ ဟိမဝန္တာတောင်တန်းဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၈၀ လောက်ကတည်းက တည်ရှိခဲ့တာဖြစ် ပြီး ဒိုင်နိုဆော တွေရှိ စဉ်ကတည်းက တည်ရှိခဲ့တဲ့တောင်တန်းကြီးပါ။ ဟိမဝန္တာ တောင်တန်းကြီး တလျှောက်မှာဆိုရင်တော့ တောင်ငယ်ကလေးတွေ နဲ့ တောင်ကြီးကြီးတွေ အများအပြား ရှိပါတယ်။ ဟိမဝန္တာတောင်တန်းကြီးဟာ အိန္ဒိယ ၊ ပါကစ္စတန် ၊ နီပေါ ၊ တရုတ် ၊ တိဘက် နဲ့ ဘူတန် နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ဖုံးလွှမ်းထားပါတယ်။
You may also like these stories:
နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှုပေးတဲ့ အာရှ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်
ဥရောပ ၆ နိုင်ငံ ခရီးသွားများကို ဆိုက်ရောက် ဗီဇာပေးမည်
နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံး ၁၀ နိုင်ငံ
ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက် လည်ပတ်မှုအများဆုံး ကမ်းခြေများ