Travel

ရက်ပေါင်း ၆၉ ရက်တိုင်တိုင် နေမဝင်တဲ့ ကျွန်း (သို့မဟုတ်) အချိန်ကင်းမဲ့ဇုန်

နော်ဝေနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Sommaroy ကျွန်းစုဟာ ငါးဖမ်းသမားတွေ အများစုနေထိုင်ကြတဲ့ ကျွန်းစုဖြစ်ပြီး Tromso ခရိုင်အနောက်ပိုင်းနဲ့ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိပါ တယ်။ ဒီကျွန်းစုဟာ မေလ ၁၈ ရက်နေ့ကစပြီး ဇူလိုင် ၂၆ ရက်နေ့အထိ ၆၉ ရက်တိုင်တိုင် နေလုံးဝမဝင်ဘဲ ရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း လူတွေက ဒီကျွန်းကို ကမ္ဘာ့ပထမဆုံး အချိန်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ခေါ်ဆိုလာကြပါတယ်။

Sommaroy ကျွန်းဟာ ခရီးသွားတွေဧည့်သည်တွေ အလာများတဲ့ကျွန်းဖြစ်သလို လှပတဲ့ ရှုခင်း တွေကြောင့် ကမ္ဘာမှာနာမည်ကြီးတဲ့ ကျွန်းတကျွန်းပါပဲ။ အခုတော့ ဒီကျွန်းမှာနေထိုင်ကြသူတွေအတွက် ညဆိုတာ လုံးဝမရှိတော့ဘဲ နေ့ ကိုသာ ရင်ဆိုင်နေကြရပါတယ်။ နေ လုံးဝမဝင် တော့တဲ့ ၆၉ ရက်တိုင်အောင် ကျွန်းမှာနေထိုင်ကြတဲ့ ကျွန်းသူ ကျွန်းသားတွေဟာ သင့်တော် သလိုသာ ပြုမူနေထိုင်ကြရပါတယ်။

Sommaroy ကျွန်းမှာနေထိုင်သူတယောက်ဖြစ်တဲ့ Kjell Ove Hveding ကလည်း သူတို့ကျွန်းမှာ ကြုံတွေ့နေရတဲ့အခြေအနေကို အခုလိုပဲ ပြောပါ တယ်။

“အခုလိုအချိန်မှာ ကျနော်တို့ကျွန်းကို လာလည်သူတွေဟာ ညဉ့်နက်သန်းခေါင်ယံမှာ ဘောလုံး ကစားနေကြတဲ့ ကလေးတွေကို မြင်နိုင်မှာဖြစ်သလို ပန်းချီဆွဲတတ်သူတွေကလည်း သူတို့နေအိမ် တွေမှာ ပန်းချီဆွဲနေကြတာကို မြင်ရပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူတို့မြက်ခင်းပြင်တွေမှာ မြက်ဖြတ်နေတာမျိုးပဲဖြစ်ဖြစ် ဆယ်ကျော်သက် တွေကိုတော့ ရေကူးနေတာပဲဖြစ်ဖြစ် မြင်ရပါလိမ့် မယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာတော့ ကျွန်းသူ ကျွန်းသားတွေစုဝေးကြပြီး သူတို့ကျွန်းကို အချိန်ကင်းမဲ့ ဇုန်အဖြစ်သတ်မှတ်ပေးဖို့ စုပေါင်းလက်မှတ်ထိုးပွဲတခု ကျင်းပခဲ့ကြပါတယ်။ ဒါကြောင့်လည်း ခေါင်းဆောင်တဦးဖြစ်တဲ့ Hveding ဟာ ကျွန်းသူ ကျွန်းသားတွေစုပေါင်း လက်မှတ်ရေးထိုးထား တာတွေကို လွှဲပြောင်းပေးနိုင် ဖို့အတွက် ပါလီမန်အဖွဲ့ဝင်တွေနဲ့ ဆုံတွေ့ခဲ့ပြီး Sommaroy ကျွန်းကို အချိန်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

Sommaroy ကျွန်းဟာ ဆောင်းရာသီမှာ နေ့မရှိသလို နွေရာသီဆိုရင်လည်း ညမရှိတဲ့ ကျွန်းတ ကျွန်းပါပဲ။ ဒါကြောင့်လည်း Sommaroy ကျွန်းမှာနေထိုင်ကြသူတွေအတွက်တော့ နေ့နဲ့ညကို ခွဲ ခြားသတ်မှတ်ဖို့ ခက်ခဲလေ့ရှိကြပါတယ်။

Ref:news18,bussinessinsider,en.wikipedia

Loading