၁၃၅၁ ခုနှစ်ကနေ ၁၇၆၇ ခုနှစ်အထိ ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေနဲ့အညီ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီခေတ်မှာ ရှိခဲ့တဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အယုဒ္ဓယဘုရင်က အခွန်ကောက်ခဲ့သလို တရုတ်၊ ဗီယက်နမ်၊ ပေါ်တူဂီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ပါရှား စတဲ့ နိုင်ငံတွေနဲ့ နိုင်ငံခြားကုန်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပိန်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ် နိုင်ငံတွေနဲ့ပါ ကုန်ကူးသန်းရောင်းဝယ်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်းနှစ်တွေ ရောက်လာတဲ့ ၁၉၆၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဥပဒေအရ ကာကွယ်မပေးတော့ဘဲ တရားမဝင် စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ပြည့်တန်ဆာလုပ်ငန်းကို ထိုင်းနိုင်ငံက တရားမဝင် စီးပွားရေးလုပ်ငန်းအဖြစ် ကြေညာထားပေမယ့်လည်း ပြည့်တန်ဆာလုပ်ငန်းကနေ ရတဲ့ဝင်ငွေက တနှစ်ကို ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ အထိ ရှိပါတယ်။ ဒီ ပမာဏဟာ ၂၀၁၅ ခုနှစ်က ဝင်ငွေစာရင်းသာဖြစ်ပြီး အခုဆိုရင်တော့ ပိုမိုတိုးလာဖို့သာ ရှိပါတယ်။
ထိုင်းနိုင်ငံရဲ့ ပတ္တရား ကမ်းခြေမြို့ကို လူတွေက “ကမ္ဘာ့လိင်မြို့တော်” ဆိုပြီး ခေါ်ဆိုလေ့ ရှိပါတယ်။ ပတ္တရားမြို့ရဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေနဲ့ အမှတ်တရ ရောင်းချပေးတဲ့ တီရှပ်အင်္ကျီတွေမှာလည်း ပတ္တရားရဲ့ ဆောင်ပုဒ်ကို တွေ့နိုင်ပါတယ်။ ပတ္တရားရဲ့ဆောင်ပုဒ်ကတော့ “လူကောင်းတွေက ကောင်းကင်ဘုံကိုသွားကြတယ်။ လူဆိုးတွေက ပတ္တရားကမ်းခြေကို သွားကြတယ်” ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ထဲက ၁၃ သန်းလောက်ဟာ ပတ္တရားကမ်းခြေကို လာရောက်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ တခြားကမ်းခြေတွေဆီကို အပန်းဖြေလာရောက်တဲ့ နှုန်းထက် ပိုမိုများပြားပါတယ်။ များပြားရတဲ့ အကြောင်းကတော့ ခရီးသွားတွေဟာ လိင်အပျော်ပါးကိစ္စကို ဆောင်ရွက်ချင်တဲ့အတွက်ကြောင့်ပါ။
ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကြေညာထားပေမယ့်လည်း ပတ္တရားမှာတင် လိင်အလုပ်သမပေါင်း ၂၇,၀၀၀ ရှိနေပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းမှာ အမျိုးသမီးငယ်တွေ ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
ဘန်ကောက်မြို့ ဧရိယာအတော်များများကိုလည်း လိင်စီးပွားရေးလုပ်ငန်းက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အမေရိကန် – ဗီယက်နမ် စစ်ပွဲဖြစ်နေတုန်းကလည်း အမေရိကန်စစ်သားတွေဟာ လိင်ကိစ္စ ပျော်ပါးဖို့အတွက် ပတ္တရားကို လာလေ့ ရှိကြပါတယ်။ ဒါဟာ ပတ္တရားကမ်းခြေ မြို့ကို ကမ္ဘာ့လိင်မြို့တော် ဖြစ်လာစေဖို့ အစပါ။ အဲဒီကနေစပြီးတော့ ပတ္တရားဟာ လိင်ပျော်ပါးချင်သူတွေအတွက် နေရာ တနေရာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီနေ့ခေတ်မှာတော့ ထိုင်းအစိုးရဟာ ညစ်ညမ်းနေတဲ့ ပတ္တရားရဲ့ပုံရိပ်ကို ပြန်လည် ကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အစိုးရက ပုံရိပ်ပြောင်းဖို့ ကြိုးစားနေပေမယ့်လည်း နှစ်ကြာလာခဲ့ပြီဖြစ်တဲ့ ပတ္တရားရဲ့ ပုံရိပ်ကို နေ့ချင်း ညချင်း ပြောင်းဖို့တော့ မဖြစ်နိုင်ဘူးလို့ ပတ္တရား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူတွေက ဆိုပါတယ်။
“ရှည်ကြာလှပြီဖြစ်တဲ့ ပတ္တရားရဲ့ ပုံရိပ်ကိုပြောင်းလဲနိုင်ဖို့ ဆိုရင်တော့ အများပြည်သူတွေနဲ့ တဦး တယောက်ချင်းစီက ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်” လို့ ပတ္တရားခရီးသွားလုပ်ငန်းရဲ့ အကြီးအကဲတယောက်ဖြစ်တဲ့ Sinchai Watanasartsathorn က အခုလိုပြောပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ပရာရွတ်ချန်အိုချာကလည်း ပတ္တရားမှာရှိနေတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို နှိပ်ကွပ်သွားမယ်လို့ ဆိုပါတယ်။
Ref: Asiancorrespondent, Thethaiger
ထိုင်းကွန်မြူနစ် စခန်းဟောင်းများက ခရီးသွားများ အတွက် ဆွဲဆောင်စရာဖြစ်လာ
ကမ္ဘာ့ခရီးသွားများ လည်ပတ်ရာ ဒုတိယ အများဆုံးမြို့ ဖြစ်လာတဲ့ ဘန်ကောက်မြို့
ထိုင်းနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ