အရှေ့တောင်အာရှမှာ ရှိတဲ့ လည်ပတ်စရာနေရာတွေ အများကြီးထဲက တချို့နေရာတွေကို လူသူ အရောက်ပေါက် နည်းပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် လူသိများပြီး ထင်ရှားတဲ့ဒေသတွေ ပေါများပါတယ်။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ အေးအေးဆေးဆေးနဲ့ စိတ်လွတ်လက်လွတ် ရှုခင်းကြည့်ရင်း ခရီးသွားချင်သူတွေအတွက် Dreamsinheels Website က ဖော်ပြပေးထားတဲ့ နေရာတွေပါ။
Dreamsinheels Website က ရွေးချယ်ပေးထားတဲ့ နေရာတွေဟာ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ အတွက် ခရီးသွားဧည့်သည် အရမ်းမများဘဲ အေးချမ်း တိတ်ဆိတ်တဲ့ နေရာတွေ ဖြစ်သလို သွားလာရ မခက်ခဲတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
(၁) Champassak မြို့ (လာအိုနိုင်ငံ)
Champassak မြို့ဟာ လာအိုနိုင်ငံတောင်ပိုင်းနဲ့ မဲခေါင်မြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ Champassak မြို့မှာ ပြင်သစ် ကိုလိုနီခေတ်က အဆောက်အဦပေါင်းများစွာနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ အများအပြား ရှိပါတယ်။ လူအများစုကတော့ ဒီပြည်နယ်ရဲ့ လှပတဲ့ရှုခင်းတွေကို ပိုမိုသဘောကျကြောင်း ပြောလေ့ ရှိကြပါတယ်။ အရင်တုန်းက ဒီနေရာဟာ တိတ်ဆိတ်တဲ့ နေရာတနေရာ ဖြစ်ခဲ့ပေမယ့် အခုဆိုရင်တော့ လွမ်ပရာဘွမ်လိုပဲ ခရီးသွားတွေ အလာများတဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။
တောင်စောင်း ပတ်ပတ်လည်မှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေနဲ့အတူ လှပတဲ့ သဘာဝ ပတ်ဝန်းကျင်က ခရီးသွားတွေရဲ့ စိတ်ကို လန်းဆန်းစေသလို ရှေးကျတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကလည်း စိတ်နှလုံး အေးချမ်းမှုကို ပေးပါတယ်။ ခမာခေတ်က တည်ဆောက်ခဲ့ပြီး UNESCO အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ Wat Phu ကျောင်းတော်ကလည်း ဒီမြို့ရဲ့ ၁၀ ကီလို မီတာ (၆ မိုင်ကျော်)မှာ တည်ရှိပါတယ်။
(၂) သီပေါမြို့
သီပေါမြို့ဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း တည်ရှိပါတယ်။ သီပေါမြို့ရဲ့ ဟိုတယ်တွေကလည်း ဈေးနှုန်းသင့်တင့်ပြီး ဝန်ဆောင်မှုလည်း ကောင်းပါတယ်။ သီပေါမြို့ ပတ်ဝန်းကျင်ကိုတော့ စိမ်းလန်းတဲ့ စိုက်ခင်းတွေ၊ ရေတံခွန်တွေက ဝန်းရံထားကြပါတယ်။ သီပေါမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို အလည်သွားချင်တယ်ဆိုရင် တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းတဲ့ စကားပြန်တယောက်လောက် ငှားရမ်းသွားသင့်ပါတယ်။
ဒုဋ္ဌဝတီမြစ်ကလည်း သီပေါမြို့ကို ကွေ့ဝိုက် စီးဆင်းသွားပါတယ်။ မြစ်ကမ်းဘေး ပေ ၁,၇၅၀ မြင့်တဲ့ မြေပြန့်လွင်ပြင်မှာ မြို့ကို တည်ထားတဲ့အတွက် မြို့အနေအထားကလည်း လှပသာယာပါတယ်။
(၃) Siargao ကျွန်း(ဖိလစ်ပိုင်နိုင်ငံ)
ဖိလစ်ပိုင်နိုင်ငံကတော့ ကျွန်းစုပေါင်း ၇,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် ဘယ်ကျွန်း အလှဆုံးလဲဆိုတာ ရွေးချယ်ရခက်ပါတယ်။ ဒါပေမဲ့လည်း သက်သောင့်သက်သာ အနားယူဖို့နဲ့ ရေလှိုင်း စီးချင်တယ်ဆိုရင်တော့ Siargao ကျွန်းကိုသာ ရွေးချယ်ဖို့ သင့်တော်ပါတယ်။
ကျွန်းမှာ အနားယူရင်း မနီးမဝေးမှာ ရှိတဲ့ မြို့ဆီ စက်ဘီးစီးပြီး သွားရောက်နိုင်သလို သောင်ပြင် တလျှောက်မှာလည်း နူးညံ့တဲ့ သဲပြင်တွေပေါ် ဖိနပ် မစီးဘဲ အေးအေးလူလူ လမ်းလျှောက်နိုင်ပါတယ်။ အုန်းရည် ကြိုက်သူတွေ အတွက်လည်း အဲဒီကျွန်းမှာ လတ်ဆတ်တဲ့ အုန်းရည်ရှိပြီး အစိမ်းရောင် သန်းနေတဲ့ ရေပြင်ကိုလည်း မျက်စိတဆုံး ငေးမောနိုင်ပါသေးတယ်။
Ref. dreamsinheels.com
You may also like these stories:
ဥရောပရဲ့ အရောင်စုံစုံ အဆောက်အဦတွေ ရှိရာ နေရာများ
ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက် လည်ပတ်မှုအများဆုံး ကမ်းခြေများ
တယောက်တည်း ခရီးထွက်လို့ ကောင်းတဲ့ အရှေ့တောင်အာရှက ဒေသများ