ဟိန္ဒူလူမျိုးတွေအတွက်တော့ ဗာရာဏသီမြို့ဟာ ဘာသာရေးအရ မြင့်မြတ်တဲ့ မြို့တမြို့ပါ။ ဒါကြောင့်လည်း ဟိန္ဒူလူမျိုး အများစုဟာ ဗာရာဏသီမြို့ကို လာရောက်ပြီး သေဖို့အချိန်ကို စောင့်စားလေ့ ရှိကြပါတယ်။ ဗာရာဏသီမြို့မှာ “Mumukshu Bhawan” ဆိုတဲ့ တည်းခိုခန်းတခု ရှိပါတယ်။ အဲဒီတည်းခိုခန်းကို လူတွေ က “ဖျားနာနေသော အိမ်” ဒါမှမဟုတ် “ကယ်တင်ခြင်း ခံယူရာ ဂိတ်တံခါးဝ” လို့ ခေါ်လေ့ ရှိကြပါတယ်။
ဒီတည်းခိုခန်းကို ၁၉၂၀ ခုနှစ် ပတ်ဝန်းကျင်လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး သေခြင်းကို စောင့်မျှော်ဖို့ အတွက် လူအများစု လာရောက်လေ့ ရှိပါတယ်။ Mumukshu Bhawan မှာ တည်းခိုနေကြသူ အများစုဟာ အသက် ၆၀ ကျော် အရွယ်တွေဖြစ်ပြီး သူတို့တွေဟာ ဟိန္ဒူဘာသာတရားအရ ဗာရာဏသီမြို့မှာ သေရတာ က မြင့်မြတ်တယ်လို့ ခံယူထားကြသူတွေလည်း ဖြစ်ပါတယ်။
ဗာရာဏသီမြို့မှာ လူ့ဘဝကို အဆုံးသတ်လိုက်ရခြင်းဟာ သံသရာစက်ဝိုင်းကို ချိုးဖျက်ပြီး ဖြစ်သလို နောက်ထပ်တဖန် ပြန်လည် မွေးဖွားရမှုမျိုးလည်း မရှိတော့ဘူးလို့ ခံယူထားကြတဲ့အတွက် သူတို့တွေဟာ ဗာရာဏသီမြို့က Mumukshu Bhawan မှာ လာရောက် တည်းခိုနေကြတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း Mumukshu Bhawan တည်းခိုခန်းကို အလည်အပတ် သွားရောက်ခဲ့မယ်ဆိုရင် သေဖို့ အချိန်ကို စောင့်စားနေကြတဲ့ အသက် ၆၀ နှစ်အရွယ် လူတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူတို့ထဲက အများစု ဟာ တည်းခိုခန်းမှာ နေထိုင်လာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ဒီတည်းခိုခန်းကို လည်ပတ်ကြည့်မယ်ဆိုရင် Shiva (သျှီဝ) ဘုရားရဲ့ ဘုရားရှိခိုးကျောင်းကို မြင်တွေ့နိုင်ပါတယ်။
Saraswati Aggarwal ဆိုတဲ့ မုဆိုးမတယောက်ဟာ ဒီတည်းခိုခန်းကို ရောက်လာတာ သူ့ယောကျ်ား ဆုံးပြီး ၄ နှစ်လောက် အကြာကတည်းကပါပဲ။ သူ့မှာ ကလေးလည်း မရှိပါဘူး။ သူကတော့ ဗာရာဏသီမြို့အနီး ပတ်ဝန်းကျင်ကနေ လာရောက် နေထိုင်နေသူပါ။
နောက်တယောက်ကတော့ အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်ကနေ လာရောက်နေထိုင်နေတဲ့ Gayatri Devi ဆိုသူပါပဲ။ ဒီတည်းခိုခန်းကို သူ လာရောက် နေထိုင်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၅ နှစ်ကျော် လောက်ကတည်းကပါ။ သူ့မှာတော့ သားတယောက်၊ သမီးတယောက် ရှိပါတယ်။ ဒါပေမဲ့ သူ့သားသမီးတွေ သူ့ဆီ လာလေ့ မရှိကြပါဘူး။
တည်းခိုခန်းမှာ နေထိုင်နေတဲ့ Sati Devi ဆိုတဲ့ အမျိုးသမီးက “ကျမမှာတော့ ဆင်ခြေများများ ပေးစရာ မရှိပါဘူး။ ကျမ သေသွားတဲ့အချိန်မှာ ကျမ သားသမီးတွေက ကျမ အလောင်းကို ကောင်းကောင်းမွန်မွန် မီးရှို့ပေးဖို့ကိုပဲ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ဒီအမျိုးသမီး ၃ ယောက်လုံးဟာ အခြား ရာပေါင်းများစွာသော လူတွေလိုပဲ Mumukshu Bhawan တည်းခိုခန်းကို လာရောက်ပြီး သေဖို့အချိန်ကို စောင့်နေကြသူတွေပဲ ဖြစ်ကြပါတယ်။
Ref. BBC & quora