အရှေ့တောင်အာရှဒေသကို ထိုင်း ၊ လာအို ၊ ဗီယက်နမ် ၊ မလေးရှား ၊ စင်ကာပူ ၊ ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ မြန်မာ ၊ အရှေ့တီမော နဲ့ ဘရူနိုင်း စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံနဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံ ၁၁ နိုင်ငံလုံးဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေလည်း ဖြစ်ပါတယ်။
အိန္ဒိယ ၊ သီရိလင်္ကာ ၊ မော်လဒိုက် ၊ နီပေါ ၊ တရုတ် စတဲ့နိုင်ငံတွေဟာ အရှေ့တောင်အာရှဒေသ အတွင်းမှာ မပါဝင်ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေဆီကို အလည်လာရောက်ကြတဲ့အခါ အဲဒီ နိုင်ငံတွေကိုလည်း အလွယ်တကူသွားရောက် လည်ပတ်နိုင်ပါတယ်။
ကလေးတွေနဲ့ အတူခရီး ထွက်တဲ့အခါ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဘယ်နိုင်ငံတွေကို ဦးစားပေး သွားရောက်သင့် သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
၁။ ညမှဖွင့်တဲ့ တိရစ္ဆာန်ဥယျာဉ် (စင်ကာပူနိုင်ငံ)
စင်ကာပူနိုင်ငံဟာ မိသားစုလိုက်ခရီးထွက်လို့ကောင်းတဲ့နိုင်ငံဖြစ်သလို ပျော်စရာမျိုးစုံကိုလည်း ကြုံတွေ့ရနိုင်တဲ့ နိုင်ငံပါပဲ။ ကလေးအများစု စိတ်ဝင်စားတဲ့နေရာကတော့ Night Safari ဖြစ်ပါလိမ့် မယ်။ Night Safari ဟာ ညမှဖွင့်တဲ့တိရစ္ဆာန်ရုံပါ။ ဒီတိရစ္ဆာန်ရုံဟာ ကမ္ဘာ့ပထမဆုံး ညမှဖွင့်တဲ့ တိရ စ္ဆာန်ရုံလည်း ဖြစ်ပါတယ်။ ဒီတိရစ္ဆာန်ရုံဟာ နိုင်ငံတကာခရီးသွား အများစုကို ဆွဲဆောင်နိုင်တဲ့ နေရာ တနေရာလည်း ဖြစ်ပါတယ်။
Night Safari ကိုတော့ စင်ကာပူဒေါ်လာ ၆၃ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ် မေလ ၂၆ ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ ဧရိယာအကျယ် အဝန်းကတော့ ၈၆ ဧကကျယ်ဝန်းပါတယ်။ Night Safari မှာတော့ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၀ ရှိ ပြီး တိရစ္ဆာန်ပေါင်း ၂၅၀၀ ကျော်ရှိပါတယ်။
တိရစ္ဆာန်ပေါင်း ၃၈ ရာခိုင်နှုန်းဟာ မျိုးတုန်းပျောက် ကွယ်လုနီးပါးဖြစ်နေတဲ့ တိရစ္ဆာန်တွေပဲ ဖြစ်ကြပါတယ်။ နှစ်စဉ် လာရောက်လည်ပတ်ကြသူပေါင်းက ၁ ဒဿမ ၁ သန်းနီးပါး ရှိပါတယ်။ ဒါကြောင့်လည်း စင်ကာပူ နိုင်ငံကို မိသားစုနဲ့အတူ သွားရောက်လည်ပတ်ကြတဲ့အခါ Night Safari တိရစ္ဆာန်ဥယျာဉ်ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။
၂။ Railay ကမ်းခြေ (ထိုင်းနိုင်ငံ)
Railay ကမ်းခြေဟာ အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ကမ်းခြေတခုဖြစ်သလို ကလေးတွေနဲ့အတူ မိသားစု အပန်းဖြေသွားလို့ကောင်းတဲ့ နေရာလည်းဖြစ်ပါတယ်။ ထိုင်းလို Rai Leh လို့ခေါ်တဲ့ Railay ကမ်းခြေဟာ Krabi မြို့ နဲ့ Ao Nang ကြားမှာရှိပြီး ကြီးမားတဲ့ ကျွန်းဆွယ်တခုလည်း ဖြစ်ပါတယ်။
ဒီကျွန်းကို ကမ္ဘာအနံှ့က ကျောက်ဆောင်တက် ဝါသနာပါသူတွေလည်း လာရောက်လည်ပတ် လေ့ရှိကြပါတယ်။ လှပပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းမှုနည်းပါးတာကြောင့် ကလေးတွေနဲ့အတူ သွားရောက်အပန်းဖြေသင့်တဲ့ နေရာလည်း ဖြစ်ပါတယ်။
၃။ Kidznania ကစားကွင်း (မလေးရှားနိုင်ငံ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ကလေးတွေနဲ့အလည်သွားရောက်ကြတဲ့မိဘတွေအဖို့ စဉ်းစား မိတတ်တာ တခုရှိပါတယ်။ အဲဒါကတော့ ကွာလာလမ်ပူမြို့ဟာ ကလေးတွေအတွက် စားဖို့နဲ့ ဈေး ဝယ်ထွက်တဲ့ အချိန်နောက် က လိုက်ဖို့ကလွဲပြီး လည်ပတ်စရာနေရာမရှိဘူးလို့ ထင်တတ်ကြတာပါ။ တကယ်တော့ ကွာလာလမ်ပူမြို့မှာ ကလေးတွေလည်ပတ်ဖို့အတွက် သီးသန့်လုပ်ပေးထားတဲ့ နေရာတွေရှိပါတယ်။
အဲဒီနေရာထဲမှာ Kidznania လည်းပါဝင်ပါတယ်။ Kidznania ကစားကွင်းဟာ မိုးလုံလေလုံကစားကွင်း ဖြစ်ပါတယ်။ ဒီကစားကွင်းဟာ ပုဂ္ဂလိကပိုင်ကစားကွင်းဖြစ်ပြီး ကမ္ဘာအနှံ့က နေရာပေါင်း ၂၄ နေရာမှာ ဖွင့်လှစ်ထားပြီး နှစ်စဉ် ဝင်ငွေအများအပြား ရနေတဲ့ကစားကွင်းလည်း ဖြစ် ပါတယ်။ Kidznania ကစားကွင်းကိုလာရောက်ကြတဲ့ ကလေးတွေအတွက် စားသောက်ဆိုင်နဲ့ ရုပ်ရှင်ရုံတွေ စီစဉ်ပေးထားပါတယ်။ အသက် ၄ နှစ်ကနေ ၁၄ နှစ်အထိ ဝင်ရောက်ကစားနိုင်ပါတယ်။
Kidznania ကစားကွင်းကိုတော့ မက္ကဆီကိုမြို့မှာ ၁၉၉၉ ခုနှစ် စက်တင်ဘာလကတည်းက စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ကွာလာလမ်ပူမြို့ မှာတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာဆိုရင်တော့ ဂျာကာတာ ၊ ဘန်ကောက် နဲ့ စင်ကာပူမှာလည်း Kidznania ကစားကွင်းတွေရှိပါသေးတယ်။
Ref:worldtravelfamily,santorinidave
You May Also Like These Stories:
ကလေးတွေနဲ့အတူ ခရီးသွားတဲ့အခါ သိထားရမယ့် အချက်များ
အရှေ့တောင်အာရှမှာ အေးအေးချမ်းချမ်း လည်ပတ်နိုင်မယ့် နေရာ ၃ နေရာ
ဈေးနှုန်းချိုသာစွာနဲ့ တည်းခိုနိုင်တဲ့ အရှေ့တောင်အာရှက ဟိုတယ်နဲ့ အပန်းဖြေခစန်းများ