ကနေဒါလေကြောင်းလိုင်းကို စီးနင်းလာခဲ့တဲ့ ခရီးသည် အမျိုးသမီးတဦးဟာ လေယာဉ်ဆင်းပြီးအချိန်အတော်ကြာတဲ့အထိ လေယာဉ်ပေါ်မှာ အိပ်ပျော်ရင်း ပိတ်မိ ကျန်နေခဲ့ပါတယ်။ လေယာဉ်ပေါ်က ခရီးသည်တွေရော၊ လေယာဉ်အမှုထမ်းတွေပါ အကုန်ဆင်းသွားခဲ့ပေမယ့် အိပ်ပျော်ပြီး ကျန်နေခဲ့တဲ့သူ့ကို ဘယ်သူမှမတွေ့ခဲ့တာကြောင့် ကိုယ်တိုင်လေယာဉ်ပေါ်က လွတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။
Quebec ကနေ တိုရန်တိုကို စီးနင်းလာတဲ့ ခရီးစဉ်မှာ အိပ်ပျော်ပြီး လေယာဉ်ထဲ ကျန်နေခဲ့တဲ့အကြောင်း ခရီးသည် Tiffany က အခုလိုပဲ ပြောပြခဲ့ပါတယ်။
“မိနစ် ၉၀ လောက်ပဲကြာတဲ့ ခရီးစဉ် တဝက်လောက်မှာ ကျမ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ မည်းမှောင်နေတဲ့ လေယာဉ်ကြီးထဲမှာ တယောက်တည်း ဖြစ်နေပါတယ်။ ကျမ နိုးလာတော့ လေယာဉ်ဆင်းပြီး နာရီအတော်ကြာ သန်းခေါင်းယံတောင် ရောက်နေပါပြီ။ ပတ်ဝန်းကျင်တခုလုံး အေးစိမ့်နေပြီး အနီးအနားကို မမြင်ရလောက်အောင် မည်းမှောင်နေခဲ့တာပါ” လို့ Tiffany က ပြောပါတယ်။
သူ ပြန်နိုးလာလာချင်းမှာ အပြင်ကို အဆက်အသွယ်လုပ်ဖို့ ဖုန်းအားသွင်းနိုင်အောင် အရင်ဆုံး ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ လေယာဉ်စက် ရပ်ထားရင် လျှပ်စစ်အား သုံးလို့မရတာကြောင့် ဖုန်းအားသွင်းမယ့် အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။
“ဖုန်းအားသွင်းလို့ မရရင် ကျမ အကူအညီတောင်းဖို့ မဖြစ်နိုင်တော့ဘူးလေ။ အဲ့ဒီညက အရမ်းကို အထိတ်တလန့်ဖြစ်ခဲ့ပြီး တကယ့်ကို အိပ်မက်ဆိုးတခုပါပဲ”လို့ သူက ဆိုပါတယ်။

ဖုန်းနဲ့ ဆက်သွယ်လို့ မရတာကြောင့် နောက်တနည်းအဖြစ် လေယာဉ်ပေါ်က ရေဒီယိုကနေ ဆက်သွယ်အကြောင်းကြားမယ်လို့ စဉ်းစားခဲ့ပေမယ့် လျှပ်စစ်အား မရရင် ရေဒီယိုလည်း အသုံးပြုလို့ မရပြန်ပါဘူး။ နောက်တော့ သူဟာ လက်နှိပ်ဓာတ်မီး တခုကို ရှာတွေ့သွားပြီး အပြင်က မြင်ရလို မြင်ရငြား မီးထိုးပြီး အချက်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ လေယာဉ် တံခါးတချပ် ဖွင့်လို့ရတာကို တွေ့သွားခဲ့ပြန်ပါတယ်။
ဒါပေမဲ့လည်း ဒီတံခါးပေါက်ကနေ အောက်ကို ပေ ၄၀၊ ၅၀ လောက် မြင့်တာမို့ အပေါ်ကနေ ကြိုးနဲ့ ချိတ်ပြီး ဆင်းရင်တော့ အဆင်ပြေလိမ့်မယ့်လို့ စဉ်းစားမိခဲ့ပါတယ်။ လေယာဉ်ပေါ်က ထိုင်ခုံခါးပတ်ကြိုးတွေက တိုနေတာမို့ အောက်ကိုဆင်းဖို့ အကြပ် ရိုက်နေပြန်ပါတယ်။ လေယာဉ်ဟာ လေဆိပ်မှာ မဟုတ်ဘဲ လေဆိပ်နဲ့ဝေးတဲ့နေရာမှာ ရပ်နားထားခဲ့တာပါ။
နောက်ဆုံးမှာတော့ ကံကောင်းစွာနဲ့ အိတ်သယ်တဲ့ ဝန်ထမ်းတယောက်က တွေ့သွားပြီး လှေကားထိုး ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီ ဝန်ထမ်းက တွေ့တွေ့ချင်း ကျမကို ဘယ်လိုများ မတွေ့ကြဘဲ တယောက်တည်း ထားခဲ့ကြတာလဲလို့ မေးတယ်။ ကျမလည်း ဒီလိုပဲ စဉ်းနေခဲ့တာ။ ခရီးသည်တယောက်လုံး ကျန်နေတာကို မသိကြဘဲ ဘယ်လိုများ အားလုံးဆင်းသွားကြပါလိ့မ်”လို့ Tiffany က ပြောပါတယ်။
အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကနေဒါ လေကြောင်းလိုင်း တာဝန်ရှိသူတဦးကတော့ အသေးစိတ်အ ကြောင်းရာတွေကို ပြောပြသွားခြင်း မရှိဘဲ လေ့လာစုံစမ်းနေဆဲပါလို့ သတင်းတွေကို ဖြေကြားထားပါတယ်။
Ref: CTV News
You may also like these stories:
ပစိဖိတ်သမုဒ္ဒရာကို ၂ လအတွင်း ရွက်လွှင့်နိုင်ခဲ့တဲ့ မျက်မမြင်အမျိုးသား
အသက် ၂၁ နှစ်အရွယ်နဲ့ ကမ္ဘာမှာ ရှိသမျှ နိုင်ငံအားလုံးကို လည်ပတ်ခဲ့တဲ့ အမျိုးသမီး
မွန်ဂိုလီးယားကနေ အင်္ဂလန်နိုင်ငံကို ကုလားအုတ် စီးပြီး ခရီးထွက်ခဲ့တဲ့ အမျိုးသမီး
သေဖို့ စောင့်နေတဲ့ လူတွေအတွက် ဖွင့်ပေးထားတဲ့ တည်းခိုခန်း