မျက်မှောက်ခေတ် ကမ္ဘာကြီးရဲ့လူသားတွေဟာ သေခြင်းတရားနဲ့ လှပခြင်းကို မတွဲစပ်တတ်ပါဘူး။ ဒါပေမဲ့လည်း ကမ္ဘာကြီးမှာရှိတဲ့ လှပတဲ့ သင်္ချိုင်းတွေဆီကို ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် သင်္ချိုင်းတွေကတော့ နိုင်ငံတကာ ခရီးသွားတွေ အလည်အပတ် သွားလေ့ ရှိကြတဲ့ သင်္ချိုင်းတွေ ဖြစ်ပါတယ်။
(၁) Merry သင်္ချိုင်း
Merry သင်္ချိုင်းကတော့ ရိုမေးနီးယားနိုင်ငံမြောက်ပိုင်းက Sapanta ကျေးရွာမှာရှိတဲ့ သင်္ချိုင်းဖြစ်ပြီး နိုင်ငံတကာခရီးသွား အများစု လာရောက် လည်ပတ်လေ့ ရှိတဲ့သင်္ချိုင်းပါ။ အဲဒီသင်္ချိုင်းမှာရှိတဲ့ သင်္ချိုင်းမှတ်တိုင်အများစုကိုတော့ အရောင်စုံစုံလင်လင်နဲ့ ခြယ်သထားလေ့ရှိပါတယ်။ Merry သင်္ချိုင်းဟာ လွင်ပြင်မှာ ဖွင့်ထားတဲ့ပြတိုက်တခုနဲ့တူပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ အရပ်ဒေသလည်း ဖြစ်ပါတယ်။
(၂) Cimetiere du Pere Lachaise သင်္ချိုင်း
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ Cimetiere du Pere Lachaise သင်္ချိုင်းကတော့ ပဲရစ်မြို့ရဲ့ အကြီးဆုံး သင်္ချိုင်းဖြစ်ပြီး ၄၄ ဟက်တာ (၁၁၀ ဧက) ကျယ်ဝန်းပါတယ်။ ရှေးဟောင်းသင်္ချိုင်းတခုဖြစ်တဲ့ Cimetiere du Pere Lachaise သင်္ချိုင်းကို နှစ်စဉ် လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ၃ ဒဿမ ၅ သန်း ရှိပါတယ်။ အဲဒီသင်္ချိုင်းမှာတော့ ကမ္ဘာမှာထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ Moliere, Marcel Proust, Oscar Wild, Gertrude နဲ့ Jim Morrison တို့ကို မြှုပ်နှံထားပါပြီး ဂူပေါင်း ၇၀,၀၀၀ ကျော် ရှိပါတယ်။
(၃) Waverly သင်္ချိုင်း
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ Waverley သင်္ချိုင်းဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် သင်္ချိုင်းတခုဖြစ်ပြီး Bronte ကမ်းပါးထိပ်မှာ တည်ရှိပါတယ်။ ဒီသင်္ချိုင်းကိုတော့ ၁၈၇၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ပြီး ကဗျာဆရာ Henry Lawson နဲ့ အခြား ထင်ရှားတဲ့လူတွေကို မြှုပ်နှံထားပါတယ်။၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ New South Wales ပြည်နယ်ရဲ့ ရှေးဟောင်း အမွေအနှစ်စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေ မြှုပ်နှံထားတဲ့ အတွက်သာမက ရှေးကျတဲ့ သင်္ချိုင်းတခုလည်းဖြစ်လို့ နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်လေ့ ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
(၄) La Recoleta သင်္ချိုင်း
La Recoleta သင်္ချိုင်းကတော့ အာဂျင်တီးနားနိုင်ငံ မြို့တော်ဖြစ်တဲ့ Buenos Aires မြို့မှာ တည်ရှိပြီး နှစ်စဉ် နိုင်ငံတကာ ခရီးသွားပေါင်းများစွာ လာရောက် လည်ပတ်လေ့ ရှိပါတယ်။ ဒီသင်္ချိုင်းမှာဆိုရင် အာဂျင်တီးနားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ Eva Peron ကို မြှုပ်နှံထားပါတယ်။ ၂၀၁၁ ခုနှစ်မှတော့ La Recoleta သင်္ချိုင်းဟာ BBC ကရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး သင်္ချိုင်းတခုဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ CNN ကရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အလှဆုံးသင်္ချိုင်း ၁၀ ခုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
Ref: Bloomberg, flightcentre
You may also like these stories:
သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာပေါ်က အလှပဆုံးတောင်များ
ပြင်သစ်နိုင်ငံက စိတ်ဝင်စားဖွယ် သမိုင်းဝင် အဆောက်အဦများ
ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံ ၆ နိုင်ငံ