Travel

မြင်တွေ့နေကျ ပုံစံမျိုး မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်များ

Want create site? Find Free WordPress Themes and plugins.

လူအများစုဟာ ခရီးသွားတဲ့အခါ သက်သောင့်သက်သာရှိတဲ့ ပုံစံမျိုးနဲ့ ခရီးသွားရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါပေမဲ့ ပုံမှန်မြင်တွေ့နေကျ ကား၊ ရထား၊ လေယာဉ်ပျံ စတာမျိုးတွေနဲ့ ခရီးသွားရတာမျိုး မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကိုလည်း ကမ္ဘာမှာ တွေ့နိုင်ပါသေးတယ်။ အဲဒီလို ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ဖော်ပြပေးချင်တဲ့ ယာဉ်ကတော့ ဂျာမနီနိုင်ငံ၊ Wuppertal မြို့မှာရှိတဲ့ မီးရထားပါ။ ဒီမီးရထားကတော့ သာမန်မြင်တွေ့နေကျ ဖြစ်တဲ့ မြေပြင်ပေါ်မှာ သွားလာနေတဲ့ မီးရထားမျိုး မဟုတ်ဘဲ လမ်းမကြီးတွေရဲ့ အထက် ၁၂ မီတာ အမြင့်လောက်မှာ သွားလာနေတဲ့ မီးရထားပဲ ဖြစ်ပါတယ်။ ဒီမီးရထားကို ၁၉၀၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး တရက်ကို ခရီးသွားပေါင်း ၆၅,၀၀၀ တင်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဒီမီးရထားက သယ်ဆောင်ရတဲ့ ခရီးသွား ပမာဏဟာ တနှစ်ကို ၂၄ သန်းနီးပါး ရှိပါတယ်။

နောက်ထပ် တမျိုးကတော့ ဘီးလုံးဝ မပါဘဲ ဝါး၊ ကြိမ်တို့နဲ့ လုပ်ထားတဲ့ လူစီးယာဉ် ဖြစ်ပြီး နောက်က တွန်းပေးသူ ၂ ယောက် ပါဝင်ပါတယ်။ ဒီလူစီးယာဉ်တွေကတော့ ပေါ်တူဂီနိုင်ငံရဲ့ Madeiran Monte  ကနေ Livramento ကို သွားတဲ့လမ်းမှာ အသုံးပြုတဲ့ယာဉ်တွေ ဖြစ်ပါတယ်။

Madeiran Monte ကနေ Livramento ကို သွားတဲ့လမ်းအရှည်ကတော့ ၂ ကီလိုမီတာ ရှည်လျားပါတယ်။ ဒီလို ခရီးသွားတဲ့ ပုံမျိုးဟာ  ၁၉ ရာစုမှာ ထင်ရှားခဲ့တဲ့ပုံစံဖြစ်ပြီး အခုဆိုရင်လည်း သာမန်နဲ့ မတူတဲ့ ခရီးသွားပုံစံမျိုးဖြစ်တဲ့အတွက် ခရီးသွားတွေကို ဆွဲဆောင်လေ့ ရှိပါတယ်။

နောက်ထပ် ဖော်ပြပေးမယ့် ယာဉ်ကတော့ ကျူးဘားနိုင်ငံက Cocotaxi လို့ ခေါ်တဲ့ ယာဉ်ပါ။ ဒီယာဉ်ပုံစံကတော့ Havana မြို့မှာ ၁၉၉၀ ခုနှစ်ကတည်း အသုံးပြုလာခဲ့တဲ့ ယာဉ်ပုံစံတမျိုးလည်း ဖြစ်ပါတယ်။ အုန်းသီးပုံစံနဲ့ တူတဲ့အတွက်ကြောင့် Cocotaxi လို့ ခေါ်ရခြင်းပါ။ Cocotaxi ကလေးတွေဟာ အရွယ်အစား ငယ်တဲ့အတွက် ယာဉ်ကြောပိတ်တာမျိုးကိုလည်း အလွယ်တကူ ရှောင်နိုင်ပါတယ်။

ဒါကြောင့်လည်း ကျူးဘားနိုင်ငံကို ရောက်လာကြတဲ့ ခရီးသွားအများစုက Cocotaxi ကို အသုံးပြုလေ့ ရှိကြပါတယ်။ Cocotaxi တွေကို အရောင် ၂ မျိုး ခွဲခြားထားလေ့ ရှိပါတယ်။ အဝါရောင်ကတော့ ကျူးဘားနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေအတွက် ဖြစ်ပြီး အပြာရောင်ကတော့ ကျူးဘားနိုင်ငံသားတွေအတွက်ပါ။

စတုတ္တမြောက် ဖော်ပြပေးမယ့် ယာဉ်ကတော့ ကမ္ဘောဒီးယားနိုင်ငံက ဝါးမီးရထားပါ။ ဒီလို ဝါးမီးရထားယာဉ်တွေဟာ ကမ္ဘောဒီးယားအတွက် တကယ်ကို အသုံးကျတဲ့ ယာဉ်တွေပါပဲ။

နောက်ဆုံး ဖော်ပြပေးချင်တဲ့ ယာဉ်ကတော့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က Party Bike လို့ ခေါ်တဲ့ယာဉ်ပါ။ ပါတီပေးသလို ပျော်ပျော်ပါးပါး စီးရလေ့ရှိတဲ့အတွက် Party Bike လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ တကယ်တော့ Party Bike ဟာ သယ်ယူပို့ဆောင်ရေးအတွက် အထူးစီမံထားတဲ့ ယာဉ်မျိုးတော့ မဟုတ်ပါဘူး။ မင်္ဂလာဆောင်သူတွေနဲ့ ခရီးသွားတွေ ပျော်ရွှင်အောင်လို့ စီစဉ်ပေးထားတဲ့ ယာဉ်မျိုးသာ ဖြစ်ပါတယ်။

ဘီယာစည်လည်း ပါဝင်အောင် စီစဉ်ထားတဲ့အတွက် အခုဆိုရင်တော့ Party Bike ယာဉ်ပုံစံဟာ တခြားဥရောပနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုဆီကိုပါ ပျံနှံ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref. kiwi

You may also like these stories:

ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတွေနဲ့ ဘယ်လို ခရီးထွက်ကြမလဲ

ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ

ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံးနိုင်ငံများ

ခရီးသည် များပြားလွန်း၍ ထိုင်းသန္တာကျောက်တန်း အများအပြား ပျက်စီး

Did you find apk for android? You can find new Free Android Games and apps.
Loading