Travel

မွန်ဂိုလီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဆိုင်ကယ်သမား နှစ်ယောက်ရဲ့ ခရီးစဉ်

မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ ဆိုင်ကယ်စီးကာ ခရီးသွားနေကြတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ဟာ အခုဆိုရင် မွန်ဂိုလီးယားနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား နှစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ နှစ်ဦးဟာ ယခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင် ထွက်ခွာသွားတာဖြစ်ပြီး အခုဆိုရင်တော့ သူတို့ နှစ်ယောက်ရဲ့ ခရီးစဉ်ဟာ အချိန် ၁ လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

၁ လ ကြာပြီဖြစ်တဲ့ သူတို့ရဲ့ ခရီးစဉ်ဟာ ကီလိုမီတာပေါင်း ၁ သောင်းကျော် ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ကီလိုမီတာ ၁ သောင်းကျော် (မိုင်ပေါင်း ၆,၂၁၃ မိုင်ကျော်) မောင်းနှင်ပြီးခဲ့တဲ့ ဒီခရီးစဉ်မှာ သူတို့ နှစ်ယောက်ဟာ မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတွေကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သလို တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ မွန်ဂိုလီးယားတောင်ပိုင်းကို ဖြတ်သန်းထားတဲ့ အာရှရဲ့အကြီးဆုံး ဂိုဘီသဲကန္တာရကိုလည်း ဖြတ်သန်းခဲ့ပြီးပါပြီ။

သူတို့ နှစ်ယောက်ဟာ ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၈၆၄ ကျော်) ဝေးတဲ့ တရုတ်နိုင်ငံ၊ ယူနန်ကနေ Inner Mongolia ကို ရောက်အောင် ၁၄ ရက်ကြာ မောင်းနှင်ခဲ့ရပြီး လမ်းခရီးမှာလည်း ရာသီဥတု အပြောင်းအလဲ တချို့ကို ရင်ဆိုင်ခဲ့ကြရပါတယ်။

တရုတ်နိုင်ငံကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း “ဆိုင်ကယ် မစီးရ”လို့ သတ်မှတ်ထားတဲ့ ပြည်နယ်ကို ဖြတ် သန်းခဲ့ရသလို သမိုင်းဝင်နေရာ ပေါင်းများစွာကိုလည်း ရောက်ခဲ့ကြပါသေးတယ်။ အဲဒီလို သမိုင်းဝင်နေရာတွေထဲမှာ ၁၉၇၄ ခုနှစ်က တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ “Terra-cotta Army” လို့ ခေါ်တဲ့ နေရာလည်း ပါဝင်ပါတယ်။

Terra-cotta Army ဟာ တရုတ်နိုင်ငံ၊ Shaanxi ပြည်နယ်မှာ ရှိပြီး ပထမဆုံး တွေ့ရှိသူတွေကတော့ ရွှေတွင်းတူးကြမယ့် လယ်သမားတွေက စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဲဒီနေရာကို ငုံပြီး ပြတိုက် တည်ဆောက် ထားပါတယ်။

“Motourlogue” ခရီးစဉ်ကို မောင်းနှင်နေကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ဟာ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ မိုင်ပေါင်း ၃ သောင်း နီးပါးကို ဆိုင်ကယ်နဲ့ ခရီးသွားရခြင်း အကြောင်းရင်းကတော့ ၁၉၅၅ ခုနှစ်က မြန်မာနိုင်ငံကနေ မိုင်ပေါင်း ၅ သောင်း ခရီးကို ဆိုင်ကယ်တစီးနဲ့ သွားရောက်ခဲ့ကြတဲ့ ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ကို ဂုဏ်ပြုလိုခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

ကမ္ဘာပေါ်က အလှဆုံး မြစ်များအကြောင်း

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား

ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံ ၆ နိုင်ငံ 

Loading