တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာ ထင်ရှား ကျော်ကြားတဲ့ နေရာတခုပါ။ ဒီတံတိုင်းကြီး တည်ဆောက်ရခြင်းရဲ့ မူလ ရည်ရွယ်ချက်ကတော့ တရုတ်အင်ပါယာကို ကျူးကျော်လာကြမယ့် မွန်ဂိုတွေနဲ့ တခြားလူမျိုးစုတွေရဲ့ ကျူးကျော်မှုကို ကာကွယ်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
တရုတ်ပြည်၊ မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့ရာမှာတော့ တချိန်တည်း အပြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ပထမဆုံး စတင် တည်ဆောက်ခဲ့တဲ့နေရာကတော့ Chu ပြည်နယ်ဖြစ်ပြီး ဘီစီ ၇ ရာစု နဲ့ ၈ ရာစုကြား ကာလမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ စတင်တည်ဆောက်ခဲ့တဲ့ ဘုရင်ကတော့ Qin မင်းဆက်ပါပဲ။
ဒီနေ့ လူအများစု မြင်နေရတဲ့ တရုတ်တံတိုင်းကြီးရဲ့ အစိတ်အပိုင်းများစွာကို Ming မင်းဆက် လက်ထက် အေဒီ ၁၃၆၈ – ၁၆၄၄ ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆,၀၀၀ (မိုင်ပေါင်း ၃,၇၂၈) ရှည်လျားပါတယ်။
မဟာတံတိုင်းကြီးကို နှစ်ပေါင်း ၂,၀၀၀ ကျော်အတွင်း တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့ကြတဲ့ မင်းဆက်ပေါင်းများစွာက နည်းလမ်းပေါင်းများစွာနဲ့ တည်ဆောက်ခဲ့ကြပါတယ်။ မဟာတံတိုင်းကြီးကို အစအဆုံး ပထမဆုံး လမ်းလျှောက်ခဲ့ကြသူတွေကတော့ Dong Yao-hui ဆိုသူနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ Wu De-yu နဲ့ Zhang Yuan-hua ပါ။
တရုတ်လူမျိုးတွေ ဖြစ်ကြတဲ့ သူတို့ ၃ ယောက်ဟာ မဟာတံတိုင်းအစနဲ့ အဆုံးကို ၁၉၈၄ ခုနှစ်၊ မေလ ကနေ ၁၉၈၅ ခုနှစ် စက်တင်ဘာလအထိ ၁၇ လတိုင်အောင် လမ်းလျှောက်ခဲ့ကြပြီးနောက်မှာတော့ သူတို့ ၃ ယောက်ဟာ ကီလိုမီတာပေါင်း ၈,၈၅၀ (မိုင်ပေါင်း ၅,၅၀၀) ခရီးပေါက်ခဲ့ကြပါတယ်။
ဒီခရီးစဉ်ဟာ သူတို့ ၃ ယောက်ရဲ့ ဘဝကိုသာ အပြောင်းအလဲဖြစ်စေရုံသာမက မဟာတံတိုင်းနဲ့ ပတ်သက်သမျှ ကျွမ်းကျင်သူတွေလည်း ဖြစ်ခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ လူသားတွေရဲ့သမိုင်းမှာတော့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး မဟာတံတိုင်း အစနဲ့အဆုံး လမ်းလျှောက်ဖို့အတွက် လူတွေအတွက် မျက်စိဖွင့်ပေးသလိုလည်း ဖြစ်ခဲ့ပါတယ်လို့ အသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Dong က ပြောပါတယ်။
အခုဆိုရင်တော့လ Dong ဟာ တရုတ်ပြည် မဟာတံတိုင်း အသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သလို တံတိုင်းကြီးနဲ့ ပတ်သက်သမျှ ကျွမ်းကျင်သူ တယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင်တော့ တရုတ်ပြည် မဟာတံတိုင်းကြီးရဲ့ အရှည်ဟာ ကီလိုမီတာ ၂၁,၁၉၆ (မိုင်ပေါင်း ၁၃,၁၇၀) ရှိနေခဲ့ပါပြီ။
Ref. edition.cnn, funtrivia , travelchinaguide
You may also like these stories:
မွန်ဂိုလီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဆိုင်ကယ်သမား နှစ်ယောက်ရဲ့ ခရီးစဉ်
အရှေ့တောင်အာရှမှာ အေးအေးချမ်းချမ်း လည်ပတ်နိုင်မယ့် နေရာ ၃ နေရာ
ပစိဖိတ်သမုဒ္ဒရာကို ၂ လအတွင်း ရွက်လွှင့်နိုင်ခဲ့တဲ့ မျက်မမြင်အမျိုးသား