အရှေ့တောင်အာရှ ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ဖို့ LGBT ခရီးသွားလုပ်ငန်းကိုလည်း စဉ်းစားဖို့လို
နိုင်ငံတကာကို ခရီးသွားနေကြသူတွေထဲမှာ LGBT (Lesbian, Gay, Bisexual, Transgender) တွေလည်းပါဝင်ပါတယ်။ LGBT ဆိုတာလည်း လူထဲက လူတွေဖြစ်တဲ့အတွက် တခြားလူတွေလိုပဲ လူ့အခွင့်အရေး ရှိပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်း အမျိုးအစားတွေထဲမှာ LGBT တွေနဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းဆိုတာ သီးခြားကဏ္ဍ တခုအနေနဲ့ ရှိနေပါတယ်။
နိုင်ငံတကာက လိင်တူချစ်သူတွေအတွက် ခရီးသွားအဖွဲ့အစည်းတခုကို ၁၉၈၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ IGLTA (The International Gay and Lesbian Travel Association) လို့ခေါ်တဲ့ လိင်တူချစ်သူတွေအတွက် ခရီးသွားအဖွဲ့အစည်းရဲ့ ရုံးချုပ်ကတော့ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ထဲက Fort Lauderdale မြို့မှာ ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ နေ့အထိ Las Vegas မြို့မှာ ၁၇ ကြိမ်မြောက် လိင်တူချစ်သူတွေရဲ့ ခရီးသွားလုပ်ငန်း ညီလာခံကို ကျင်းပခဲ့ပါတယ်။ ညီလာခံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ LGBT ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ဖို့နဲ့ ဈေးကွက်သုတေသန ပြုလုပ်ဖို့ပါ။
အဲဒီနောက်မှာတော့ LGBTတွေအတွက် သီးသန့်ထုတ်ဝေတဲ့ ခရီးသွား မဂ္ဂဇင်းတစောင် ပေါ်ထွက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ယနေ့တိုင် ထုတ်ဝေနေပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာလည်း LGBT အထိမ်းအမှတ် ပွဲတော်ကို ၁၉၉၃ ခုနှစ်ကတည်း စတင်ကျင်းပပေးခဲ့ပြီး နှစ်စဉ် LGBT စုစုပေါင်း ၄၅၀,၀၀၀ နဲ့ ၅၀၀,၀၀၀ ကြား တက်ရောက်လေ့ ရှိကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့မှာ ရှိတဲ့ Walt Disney World မှာဆိုရင်လည်း ဇွန်လ ပထမ အပတ်တိုင်း Gay Day ကို ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်ကလည်း နိုင်ငံတကာမှာ တရားဝင် သတ်မှတ်ပေးထားတဲ့နေ့ မဟုတ်ပေမယ့် လိင်တူချစ်သူတွေ ဆင်နွှဲကြတဲ့ပွဲတွေထဲမှာတော့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော် ဖြစ်ပါတယ်။
အချိန် ၆ ရက်ကြာ ကျင်းပတဲ့ Gay Day ပွဲတော်မှာဆိုရင် LGBT ပေါင်း ၁၅၀,၀၀၀ လောက် လာရောက်လေ့ ရှိပြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုန်စည်ပြပွဲတွေ၊ ရုပ်ရှင်ပွဲတော်တွေ၊ LGBT ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လှောင်ပြောင်ကြလို့ အဆုံးစီရင်ခဲ့ကြတဲ့ ကလေးသူငယ်တွေအတွက် အထိမ်းအမှတ် ပွဲတော်တွေ ကျင်းပလေ့ ရှိပါတယ်။
Disney World က ကျင်းပတဲ့ Gay Day ပွဲတော်ကိုတော့ LGBT တွေနဲ့အတူ သူတို့ရဲ့ မိသားစုတွေလည်း တက်ရောက်လေ့ ရှိပြီး အားလုံးဟာ အနီရောင် အင်္ကျီတွေ ဆင်တူဝတ်လေ့ ရှိပါတယ်။
အရှေ့တောင်အာရှ ဒေသဟာ လွန်ခဲ့တဲ့နှစ်တွေကစပြီး ခရီးသွားလုပ်ငန်းတွေမှာ တိုးတက်လာခဲ့ပါတယ်။ ကမ္ဘာ့ခရီးသွားနဲ့ ခရီးသွားလုပ်ငန်း ကောင်စီရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၁၆ ခုနှစ်အတွင်းမှာ အရှေ့တောင်အာရှဒေသတွေဟာ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေစုစုပေါင်း ၃၀ ဒဿမ ၁ ဘီလီယံ အထိ ဝင်ငွေရှိခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းဟာ အာဆီယံဒေသတွေရဲ့ GDP ကို ၁၁ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာစေခဲ့ပြီး လူအယောက်ပေါင်း သန်း ၃၀ ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အာဆီယံ ခရီးသွားလုပ်ငန်းဟာ အာဆီယံ GDP ကို ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာဖို့ ရည်ရွယ်ပြီး “၂၀၁၆ -၂၀၂၅ အာဆီယံ ခရီးသွားလုပ်ငန်း”ဆိုတဲ့ အစီအစဉ်တခုကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။
အရှေ့တောင်အာရှ ဒေသတွေဟာ ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေ အမြောက်အမြား ရရှိနေပေမယ့်လည်း LGBT ခရီးသွားလုပ်ငန်းကိုတော့ လျစ်လျှူရှုထားနေတုန်းပါပဲ။ LGBT တွေကို တရားဥပဒေနဲ့ အညီ အကာအကွယ်တွေသာ ပေးနိုင်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှ ဒေသရဲ့ ခရီးသွားလုပ်ငန်းဟာ အခုထက် ပိုပြီး စည်ပင်လာနိုင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်နယ်တချို့မှာဆိုရင်လည်း LGBT တွေကို အခုထိတိုင် ကဲ့ရဲ့နေကြသေးတဲ့အတွက် လိင်တူချစ်သူတွေဟာ လွတ်လွတ်လပ်လပ် မသွားရဲကြသေးပါဘူး။ မလေးရှားနိုင်ငံမှာလည်း ဒီသဘောမျိုး ရှိနေပါတယ်။ ဒီနိုင်ငံတွေရဲ့ လူအများစုဟာ LGBT တွေကို မလေးစားထိုက်တဲ့ လူတွေလို့ ယုံကြည်ထားလေ့ရှိကြသလို လိင်ခွဲခြားလိုစိတ်လည်း ပြင်းထန်ကြပါတယ်။
ဗီယက်နမ်နိုင်ငံဟာလည်း လိင်တူချစ်သူတွေအတွက် ပျော်စရာကောင်းတဲ့ အရပ်တော့ မဟုတ်ပါဘူး။ ဘရူနိုင်းနိုင်ငံကတော့ လိင်တူချင်း ကြိုက်နှစ်သက်သူတွေကို ပေးတဲ့ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကတော့ LGBT တွေအတွက် အခွင့်အရေးကော၊ လုံခြုံမှုကော အားလုံး တန်းတူ ညီမျှပဲပေးတာကြောင့် လိင်တူချစ်သူ အများစုဟာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ကြပါတယ်။
အာရှနိုင်ငံတွေထဲမှာဆိုရင် LGBT တွေ လွတ်လွတ်လပ်လပ် နေထိုင်လို့ရတဲ့ နေရာတွေကတော့ ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့၊ ထိုင်းနိုင်ငံက ဖူးခတ် ကမ်းခြေ၊ အင်ဒိုနီးရှားနိုင်ငံက ဘာလီကမ်းခြေ၊ ထိုင်ဝမ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံက ဟနွိုင်းမြို့တို့ပါပဲ။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ဟာ အာရှမှာ ကက်သလစ်ဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့မြို့တမြို့ ဖြစ်သလို ဘာသာတရား ပေါင်းစုံ နေထိုင်ကြပါတယ်။ တခါတလေတော့ မနီလာမြို့ဟာ အလွန်ရှေးဆန်တဲ့ မြို့တမြို့ပါ။ ဒါပေမဲ့ ဘာသာရေးအခြေခံနဲ့ လူတွေကို ခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး။ LGBT တွေကို ခွဲခြားဆက်ဆံတဲ့ အမြင်အများစုက ဘာသာရေးမှာ အခြေခံပါတယ်။ ဒါပေမဲ့ မနီလာမြို့ကတော့ LGBT တွေကို ခွဲခြားဆက်ဆံလေ့ မရှိပါဘူး။
ထိုင်ဝမ်နိုင်ငံကလည်း LGBT တွေကို ခွဲခြားဆက်ဆံတဲ့ အလေ့ မရှိတဲ့ အပြင် ၂၀၁၉ ခုနှစ်၊ မေလကပဲ လိင် တူချင်း လက်ထပ်ထိမ်းမြားခွင့် ပေးခဲ့ပါတယ်။ ဒါကြောင့် ထိုင်ဝမ်နိုင်ငံဟာ အာရှမှာတော့ လိင်တူချင်း လက်ထပ်ခွင့်ပေးခဲ့တဲ့ ပထမဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။
တကယ်တော့ လိင်တူချစ်သူတွေအတွက် အရှေ့တောင်အာရှက မြို့အများစုဟာ မလုံခြုံပါဘူး။ လိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ အရှေ့တောင်အာရှက နိုင်ငံအချို့ကို စရိတ်သက်သာပေမယ့် LGBT တွေအနေနဲ့ ရဲဝံ့စွာ ခရီးသွားလာဖို့ ကြောက်ရွံ့နေကြတုန်းပါပဲ။
Ref. thediplomat.com , www.goatsontheroad.com
You may also like stories:
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift
Tom Boy အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT တွေကို ထိခိုက်မှာ စိုးရိမ်တဲ့ သဲသဲဆုငြိမ်း
အာရှရဲ့ ပထမဆုံး တရားဝင် လိင်တူထိမ်းမြားမှုကို ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်
ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ