ခရီးသွားတဲ့အခါ သမိုင်းဆိုင်ရာ ဗဟုသုတတွေ ရနိုင်တဲ့ နေရာတွေကို ခရီးထွက်တာက စိတ်အပန်းလည်း ပြေသလို ဒေသန္တရ ဗဟုသုတတွေ အပြင် သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များ တည်ရှိရာ မြို့တွေရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
၁။ Cusco (ပီရူးနိုင်ငံ)
Cusco မြို့ကို Cuzco လို့လည်း စာလုံးပေါင်းလေ့ ရှိပါတယ်။ Cusco မြို့ဟာ ပီရူးနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရှိပြီး အင်ဒီးစ်တောင်တန်းထိပ်မှာ တည်ရှိပါတယ်။ အင်ဒီးစ်တောင်တန်းဟာ ၇,၀၀၀ ကီလိုမီတာ ( မိုင်ပေါင်း ၄,၃၀၀) ရှည်လျားပြီး အကျယ်ကတော့ ၂၀၀ ကီလိုမီတာကနေ ၇၀၀ ကီလိုမီတာ(မိုင် ၁၂၀ ကနေ ၄၃၀) ကျယ်ဝန်းပြီး၊ အမြင့် ၄,၀၀၀ ကီလိုမီတာ(မိုင်ပေါင်း ၁၃,၀၀၀) မြင့်ပါတယ်။ Cusco မြို့ဟာ တချိန်တုန်းကတော့ အင်ကာလူမျိုးတွေရဲ့ အင်ပါယာဖြစ်ခဲ့ပါတယ်။
အင်ကာအင်ပါကြီးဟာ အမေရိကတိုက်ကို ကိုလံဘတ်စ် မတွေ့ခင်တုန်းကတည်းက ကြီးကျယ် ခမ်းနားတဲ့ ဒေသတခု ဖြစ်နေခဲ့ပြီးပါပြီ။ သမိုင်းဝင် Cusco မြို့ဟာ အေဒီ ၁၃ ရာစု ကနေ ၁၇ ရာစုအထိ ယဉ်ကျေးမှုထွန်းကားတဲ့ မြို့ကြီးတမြို့ ဖြစ်ခဲ့ပြီး နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကိုတော့ ပညာတတ် လူတန်းစား တရပ်က ပဲ့ကိုင်ခဲ့ပါတယ်။ ၁၅၇၂ ခုနှစ်မှာတော့ Cusco မြို့ကို စပိန်တွေက သိမ်းပိုက်ခဲ့ပါတယ်။
၂။ Alexandria (အီဂျစ်နိုင်ငံ)
နိုင်းမြစ်တလျှောက်မှာတော့ Alexandria မြို့ဟာ အရေးပါတဲ့ မြို့တမြို့ ဖြစ်ခဲ့သလို ယဉ်ကျေးမှု ပျော်ဝင်အိုးလည်း ဖြစ်ခဲ့ပါတယ်။ Alexandria မြို့ဟာ တချိန်တုန်းကတော့ ကမ္ဘာပေါ်က ပညာရှင်တွေ စုဝေးရာ အရပ်တခု ဖြစ်ခဲ့သလို အသိပညာတွေရဲ့ ဗဟိုချက်လည်း ဖြစ်ခဲ့ပါတယ်။ Alexandria မြို့ကိုတော့ ဘီစီ ၃၃၁ ဧပြီလမှာ အလက်ဇန္ဒားဘုရင်က တည်ထောင်ခဲ့ပါတယ်။
Alexandria မြို့ဟာ ရှေးကျတဲ့ ပေ၊ ပုရပိုက်တွေ စုဆောင်းထားရှိရာမြို့ ဖြစ်ပြီး Alexandria မြို့မှာ တည်ဆောက်ထားတဲ့ စာကြည့်တိုက်တွေကလည်း ရှေးတုန်းက အီဂျစ်တွေရဲ့ ဗိသုကာလက်ရာတွေ အဆင့်မြင့်ခဲ့ကြောင်း ဖော်ပြနေပါတယ်။ Alexandria မြို့ဟာ တွေးခေါ် ပညာရှင် Eratosthenes မွေးဖွားရာ ဇာတိဖြစ်ပြီး သူကတော့ ကမ္ဘာကြီး လုံးဝိုင်း ကြောင်းကို အထောက်အထားတွေနဲ့ တကွ ဖော်ပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရင်လည်း သမိုင်းဝင်မြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း ဂန္ထဝင် ယဉ်ကျေးမှုတွေကို လေ့လာနိုင်ပါတယ်။
၃။ Athens (ဂရိနိုင်ငံ)
အေသင်မြို့ဟာ အနောက်ကမ္ဘာရဲ့ ထင်ရှားတဲ့မြို့တမြို့ ဖြစ်တယ်ဆိုတာကတော့ သံသယ ရှိစရာ မလိုပါဘူး။ အေသင်မြို့ဟာ ဘီစီ ၁၄၀၀ လောက်ကတည်းက တည်ရှိခဲ့တဲ့မြို့ဖြစ်ပြီး ဒီနေ့ခေတ်တိုင်အောင် ထင်ရှားတဲ့မြို့ပါ။ အေသင်မြို့ဟာ ရှေးဂရိလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ စုဝေးနေတဲ့ မြို့ ဖြစ်ခဲ့သလို ဒဿနိကဗေဒ၊ သိပ္ပံ၊ စာပေ စတာတွေအတွက် ဒီနေ့ခေတ်လူတွေ ကိုးကား ပြောဆို နေရတဲ့ မြို့တမြို့ပါပဲ။
၄။ Varanasi (အိန္ဒိယနိုင်ငံ)
ဒီနေ့ခေတ်နေ ပြန်ရေတွက်မယ်ဆိုရင်တော့ ဗာရာဏသီမြို့ဟာ လွန်ခဲ့တဲ့ ဘီစီ ၁၁ ရာစု လောက်ကတည်းက တည်ရှိနေတဲ့မြို့ ဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံး မြို့တော်လည်း ဖြစ်ပါတယ်။ ဗာရာဏသီမြို့ဟာ ဥတ္တရာပရာဒေရှ့်ပြည်နယ်၊ ဂင်္ဂါမြစ်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။ ဂင်္ဂါမြစ်ဟာ ဟိန္ဒူဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးကြီးတဲ့မြို့ ဖြစ်တာနဲ့အညီ ဟိန္ဒူတွေဟာ ဗာရာဏသီမြို့မှာ အသုဘ အခမ်းအနား ကျင်းပဖို့ လာရောက်လေ့ရှိကြပါတယ်။
ဟိန္ဒူတွေရဲ့ အယူအဆကတော့ ဗာရာဏသီမြို့မှာ သေရတာဟာ သံသရာက လွတ်မြောက်သွားတာပဲလု့ိ ယူဆထားကြပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကလည်း တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားဦးကို ဗာရာဏသီမြို့ရဲ့ သားသမင်တွေကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ ၅ ဦးကို ဟောကြာခဲ့ပါတယ်။
၅။ ဘေကျင်းမြို့(တရုတ်နိုင်ငံ)
ဘေကျင်းမြို့ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၃,၀၀၀ ကျော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ တရုတ်လူမျိုးတွေရဲ့ သမိုင်းမှတ်တမ်းတွေအရ ဆိုရင်တော့ ဘေကျင်းမြို့ တည်ရှိနေခဲ့တာက ထောင်စုနှစ် ၈ နှစ် ရှိခဲ့ပြီလို့ ဆိုပါတယ်။ တရုတ်တွေအတွက် ရှေးဟောင်းမြို့တော် ၄ မြို့ ရှိခဲ့ရာမှာ ဘေကျင်းမြို့လည်း ပါဝင်ပါတယ်။ အထူးသဖြင့်ကတော့ ဘေကျင်းမြို့ဟာ Ming မင်းဆက်နဲ့ Qing မင်းဆက်တွေ နန်းဆိုက်ရာ နေပြည်တော် ဖြစ်ခဲ့ပါတယ်။
Ref. theculturetrip
You may also like these stories:
ပေါ်တူဂီနိုင်ငံရဲ့ အထင်ကရနေရာများ
ကမ္ဘာအနှံ့က ရာသီဥတု အအေးဆုံး မြို့များ
ရုပ်ရှင်တွေထဲက အံ့အားသင့်စရာ နေရာတွေအတိုင်း အပြင်မှာ တကယ်ရှိတဲ့ နေရာများ
လူအရောက် နည်းပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဒေသများ