ကနေဒါနိုင်ငံဟာ မြေဧရိယာ ကြီးကြီးမားမားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံပါ။ ဒါကြောင့်လည်း နိုင်ငံအဝှမ်းမှာ လည်ပတ်စရာ နေရာတွေက အများကြီး ရှိပါတယ်။ ကနေဒါနိုင်ငံကို သွားလည်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒီအချက်တွေဟာ ကနေဒါနိုင်ငံသားတွေကို လုံးဝ မပြောသင့်တဲ့ စကားတွေပါပဲ။
ပုံမှန်အားဖြင့်တော့ ကနေဒါ နိုင်ငံသားတွေဟာ စိုးရိမ်ပူပန်စိတ် နည်းပါးလေ့ ရှိကြပြီး စကားကိုလည်း ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေပါ။ ဒါပေမဲ့ သူတို့ကို မပြောသင့်တဲ့ စကားတွေ ရှိပါတယ်။ ဒါဟာလည်း နိုင်ငံသားတိုင်း၊ လူမျိုးတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘော သဘာဝပါ။
ကနေဒါနိုင်ငံကို ရောက်တဲ့အခါ ကနေဒါနိုင်ငံသားတွေ ကစားလေ့ရှိတဲ့ ဟော်ကီပွဲတွေကို သွားကြည့်မယ် ဆိုရင် ကစားနေပုံနဲ့ ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး မှတ်ချက်မျိုးတွေ မပေးသင့်ပါဘူး။ ကနေဒါနိုင်ငံသားတွေဟာ သူတို့ အားပေးနေတဲ့ ဟော်ကီအသင်းနဲ့ ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး မှတ်ချက်တွေ ပေးတာမျိုး သဘောမကျကြပါဘူး။ ဒီအချက်ဟာ ကနေဒါနိုင်ငံကို ရောက်ရင် သတိထားရမယ့် အချက် တချက်ပါ။
နောက်ထပ် စကားတခွန်းကတော့ “Fuck” ဆိုတဲ့ စကားလုံးပါ။ ဒီစကားလုံးကို မသုံးသင့်တဲ့ ပြည်နယ်ကတော့ Quebec ပြည်နယ် အတွင်းမှာပါ။ Quebec ပြည်နယ်ဟာ ကနေဒါနိုင်ငံထဲမှာ ဒုတိယမြောက် ထင်ရှားတဲ့ ပြည်နယ်ပါ။ တကယ်လို့များ အဲဒီပြည်နယ်ကို ရောက်တဲ့အခါ ဆဲဆိုချင်တယ်ဆိုရင် ကိုယ့်လျှာ ကိုယ် ကိုက်ထားဖို့သာ သင့်ပါတယ်။
ကနေဒါနိုင်ငံဟာ “အမေရိကန်ပြည်ထောင်စုရဲ့ ၅၁ ခု မြောက် ပြည်နယ်ပါ” ဆိုတဲ့ စကားကိုလည်း ကနေဒါ နိုင်ငံသားတွေ မကြိုက်ကြပါဘူး။ ကနေဒါ နိုင်ငံသားတွေဟာ ကနေဒါနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ပြောဆိုတာကို သဘောတွေ့လေ့ မရှိပါဘူး။
ကနေဒါနိုင်ငံသား ၃ ပုံ ၂ ပုံလောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသူတွေပါ။ ဘာသာတရားဟာ ကနေဒါနိုင်ငံသားတွေအတွက် အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်သလို ဝတ်ပြု ဆုတောင်းပွဲတွေကိုလည်း ကိုယ်နေထိုင်ရာ နေအိမ်တွေ အတွင်းနဲ့ သန့်စင်မြင့်မြတ်တဲ့ နေရာတွေမှာ ကျင်းပလေ့ ရှိကြပါတယ်။
ကမ္ဘာတဝှမ်းမှာ ဘာသာရေး ပဋိပက္ခတွေ ကြုံနေရပေမယ့် ကနေဒါနိုင်ငံသားတွေအတွက် ဘာသာရေးကြောင့် ပဋိပက္ခဖြစ်ရတာမျိုး မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြသူတွေ ဖြစ်သလို လူတွေအပေါ် မေတ္တာထားလေ့ရှိတဲ့ လူမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကနေဒါနိုင်ငံကို ရောက်တဲ့အခါ “မင်းတို့ ကိုးကွယ်နေတဲ့ ဘာသာတရားကို လက်မခံဘူး”ဆိုတဲ့ စကားမျိုး မပြောသင့်ပါဘူး။ ဒီစကားလုံးဟာ ကနေဒါနိုင်ငံသားတွေကို စော်ကားတာနဲ့ အတူတူပါပဲ။
“ခွဲထွက် ပြည်နယ်”ဆိုတဲ့ စကားလုံးဟာ တခြားအရပ်ဒေသတွေမှာ နားဝင်ချိုတဲ့ စကားလုံး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကနေဒါနိုင်ငံ အတွက်တော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ကနေဒါနိုင်ငံရဲ့ ပြည်နယ်ဖြစ်တဲ့ ကွိဘက် (Quebec) ဒေသရဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က အချေအတင်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ကွိဘက် ပြည်နယ်သားတွေကလည်း ကနေဒါနိုင်ငံထဲကနေ ခွဲထွက်ချင်နေကြပါတယ်။
၁၉၉၅ ခုနှစ်က ကွိဘက်ပြည်နယ်ကို ကနေဒါနိုင်ငံကနေ ခွဲထွက်ရေး ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာမှာ ၄၉ ဒဿမ ၂ ရာခိုင်နှုန်းက ခွဲထွက်ရေးဘက်ကနေ မဲပေးခဲ့ကြပါတယ်။ ကွိဘက်ပြည်နယ်သာ ခွဲထွက်သွားခဲ့ရင် ကြီးမားတဲ့ တော်လှန်ရေးတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်တာမျိုးတွေ ကြုံလာစရာ ရှိနေပါတယ်။ ဒါကြောင့်လည်း ကနေဒါနိုင်ငံကို ရောက်တဲ့အခါ ကွိဘက်ပြည်နယ်ဟာ ကိုယ်ပိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ ဖြစ်သင့်တဲ့အကြောင်း မပြောဆိုသင့်ပါဘူး။
Ref. www.readersdigest.ca
You may also like these stories:
ဂျပန်နိုင်ငံကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များ
ကလေးတွေနဲ့အတူ ခရီးသွားတဲ့အခါ သိထားရမယ့် အချက်များ
နိုင်ငံတကာကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ
တောင်ကိုးရီးယားနိုင်ငံကို အလည်မသွားခင် သိထားသင့်တဲ့ အချက်များ