ခရီးသွားလုပ်ငန်းတွေမှာ သွားရောက်ရာ ဒေသတွေကို မူတည်ပြီး အမျိုးအစား ခွဲခြားလေ့ ရှိပါတယ်။ ခရီးသွားလေ့ရှိသူ အများစုကတော့ ဝမ်းနည်းစရာတွေ ကြုံခဲ့ရဖူးတဲ့ ဒေသတွေကို ခရီးသွားချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်း အမျိုးအစားတွေထဲမှာ “Dark Tourism” ဆိုတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေကို ခရီးသွားခြင်းဆိုတဲ့ အမျိုးအစားလည်း ပါဝင်ပါတယ်။
Dark Tourism ဆိုတာ သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေ တည်ရှိရာ အရပ်ဒေသတွေကို သွားရောက် လည်ပတ်ကြတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစား ဖြစ်ပါတယ်။ အဲဒီလို Dark Tourism အမျိုးအစားထဲမှာ အဓိက ပါဝင်တဲ့ နေရာကတော့ ချာနိုဘိုင်း (Chernobyl) နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာပါ။
ချာနိုဘိုင်း နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ကြီးဖြစ်ပွားခဲ့တာကတော့ အခုဆိုရင် နှစ်ပေါင်း ၃၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ချာနိုဘိုင်း နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြီးဟာ ယူကရိန်းနိုင်ငံမြောက်ပိုင်းက Pripyat မြို့အနီးမှာ ၁၉၈၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
Dark Tourism နဲ့ ပတ်သက်တဲ့ နောက်ထပ် နေရာကတော့ လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရတဲ့ နေရာမျိုးပါ။ တချို့နိုင်ငံတွေဟာ သူတို့နိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတဲ့ နေရာတွေကို အမှတ်တရ နေရာတွေအဖြစ် ထိန်းသိမ်းထားလေ့ ရှိကြပါတယ်။ အဲဒီလို နေရာတွေထဲမှာ ရဝမ်ဒါနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Murambi နည်းပညာကျောင်းလို နေရာမျိုးတွေ ပါဝင်ပါတယ်။
ရဝမ်ဒါ (Rwanda) လူမျိုးတုံး သတ်ဖြတ်မှုဟာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုတွေ စတင်နေတဲ့ အချိန်မှာ Tutsis လူမျိုးစုတွေဟာ Church ကျောင်းတွေနဲ့ တခြားအရပ်ဒေသတွေမှာ ပုန်းအောင်းနေကြရပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ ၁၉၉၄ ခုနှစ်၊ ဧပြီ ၁၆ ရက်နေ့မှာတော့ Tutsis လူမျိုးစု ၆ သောင်းခွဲ နီးပါးလောက်ဟာ Murambi နည်းပညာကျောင်းကို သွားရောက်ခဲ့ကြပါတယ်။
ဧပြီလ ၂၁ ရက်နေ့မှာတော့ သူတို့ရှိနေတဲ့ ကျောင်းကို ဟူတူပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်ခဲ့ကြပါတယ်။ ကျောင်းထဲရောက်နေတဲ့ လူပေါင်း ၆ သောင်းခွဲ မှာ ၄ သောင်းခွဲလောက်က အဲဒီနေ့မှာ သေဆုံးခဲ့ရပြီး၊ လွတ်မြောက်သွားတဲ့ လူ ၂ သောင်းကိုတော့ နောက်နေ့တွေမှာ သူတို့ ပုန်းအောင်းနေကြတဲ့ ဘုရားရှိခိုးကျောင်းတွေမှာ လိုက်လံရှာဖွေပြီး သတ်ဖြတ်ခဲ့ကြပါတယ်။
အဲ့ဒီလို အစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတဲ့ နေရာကို ၁၉၉၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့မှာ အမှတ်တရ နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနေရာမှာတော့ အုတ်ဂူပေါင်း ၅သောင်း ရှိပြီး လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတဲ့ ပြတိုက်အနေနဲ့ ဖွင့်လှစ်ထားပါတယ်။
ဥရောပတိုက်မှာ ဆိုရင်လည်း နာဇီအကျဉ်းစခန်းတွေနဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဖြစ်ခဲ့တဲ့ (9/11) အမှတ်တရ ပြတိုက်တွေကလည်း Dark Tourism အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
Dark Tourism ဟာ သေခြင်းတရားနဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တွေ တည်ရှိနေရာ အရပ်ကို အမှတ်တရ သွားရောက် လည်ပတ်လေ့ ရှိတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားတခု ဖြစ်သလို အခုဆိုရင်လည်း Dark Tourism လုပ်ငန်းဟာ ကျယ်ပြန့်လာနေပြီ ဖြစ်ပါတယ်။
Ref. edition.cnn.com , en.wikipedia.org
You may also like these stories:
မိုးရာသီမှာ ခရီးသွားခြင်းရဲ့ ကောင်းကျိုးများ
သိပ္ပံနည်းကျ လေ့လာ တွေ့ရှိထားတဲ့ ခရီးသွားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ
ကျောင်းသား လူငယ်တွေ ဘာကြောင့် ခရီးသွားသင့်သလဲ