ကမ္ဘာတဝှမ်းမှာ ဘယ်နိုင်ငံတွေဟာ LGBT (Lesbian, Gay, Bisexual, Transgender) တွေကို မခွဲခြားဘဲ နွေးနွေးထွေးထွေး ဆက်ဆံလေ့ ရှိကြသလဲဆိုတဲ့ မေခွန်းကိုမေးရင် ပြန်ဖြေဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကို အလည်အပတ် သွားရောက်ခဲ့ကြပြီးတဲ့ လိင်တူချစ်သူ စုံတွဲတွေ၊ ဒါမှမဟုတ် ဒေသခံ လိင်တူ ချစ်သူတွေကို မေးကြည့်ရင်တော့ ဒီအဖြေကို ရနိုင်ပါတယ်။
အဓိကက သူတို့အပေါ် လူ့အဖွဲ့အစည်းက မြင်တဲ့ အမြင်ဟာ အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် အချက်အလက်တွေကတော့ နိုင်ငံပေါင်း ၁၀၀ ကို ခရီးထွက်ပြီး ဒေသခံ ဂေးတွေနဲ့ အင်တာဗျူး လုပ်ရာကနေ ရလာတဲ့ အချက်အလက်တွေကို အခြေခံထားပါတယ်။ ဒီနေရာမှာ လိင်တူချစ်သူတွေအတွက် တရားဝင် လက်ထပ်ထိမ်းမြားခွင့်လည်း ပါဝင်သလို အစိုးရဘက်က ဂေးတွေအပေါ် ဘယ်လောက်အထိ အကာအကွယ်ပေးနေသလဲဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
(၁) ကနေဒါနိုင်ငံ
ကနေဒါနိုင်ငံကတော့ လိင်တူချစ်သူအတွက် လုံခြုံမှုအရှိဆုံး နိုင်ငံပါ။ ကနေဒါနိုင်ငံရဲ့ “Canada Pride” ပွဲတော်ဟာ LGBT တွေအတွက် သီးသန့် ကျင်းပတဲ့ ပွဲတော် ဖြစ်ပါတယ်။ ပထမဆုံး ကျင်းပတဲ့ ပွဲတော်ကိုတော့ ၂၀၁၇ ခုနှစ်က ကနေဒါနိုင်ငံ၊ Montreal မြို့မှာ ကျင်းပခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ “Canada Pride” ပွဲတော်ကို Winnipeg မြို့မှာ ကျင်းပဖို့ ရှိပါတယ်။ Toronto မြို့မှာ ကျင်းပတဲ့ ပွဲတော်ကတော့ ကမ္ဘာ့အကြီးဆုံး ဂေးပွဲတော်ဖြစ်ပြီး လူပေါင်း ၁ ဒဿမ ၅ သန်းလောက် လာလေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ကနေဒါနိုင်ငံဟာ LGBT အခွင့်အရေးအတွက် လှုပ်ရှားခဲ့ရတဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁ ဒေါ်လာတန် ဒင်္ဂါးပြားတွေကို ထုတ်ဝေပေးခဲ့ပါတယ်။
ကနေဒါနိုင်ငံဟာ ၂၀၀၅ ခုနှစ်ကတည်းက လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုပေးခဲ့ပါတယ်။ ကနေဒါနိုင်ငံထက်အရင် လိင်တူတွေကို လက်ထပ်ခွင့်ပေးခဲ့တဲ့ နိုင်ငံတွေကတော့ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ စပိန်နိုင်ငံတို့ပါပဲ။ အခုဆိုရင်တော့ ကနေဒါနိုင်ငံဟာ လိင်တူချင်း လက်ထပ်ခွင့်ပေးခဲ့တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်ပါတယ်။
(၂) စပိန်နိုင်ငံ
စပိန်နိုင်ငံဟာ လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုပေးခဲ့တဲ့ ကမ္ဘာ့ တတိယနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း LGBT တွေအတွက် ပျော်စရာကောင်းတဲ့ နိုင်ငံဆိုတာ အထူးပြောနေဖို့ မလိုပါဘူး။ ဥရောပနိုင်ငံတွေထဲမှာဆိုရင် မက်ဒရစ်မြို့ကို ဂေးမြို့တော်လို့ သတ်မှတ်ထားကြသလို LGBT တွေနဲ့ ပတ်သက်တဲ့ ပွဲတော်တွေကိုလည်း အများအပြား ကျင်းပလေ့ရှိတဲ့ မြို့တော် ဖြစ်ပါတယ်။
(၃) နယ်သာလန်နိုင်ငံ
နယ်သာလန်နိုင်ငံဟာ လူ့အခွင့်အရေးကို အပြည့်အဝ အလေးထားတဲ့ နိုင်ငံဖြစ်သလို ဥပဒေကိုလည်း လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာ လိင်တူချင်း လက်ထပ်တာကို ပထမဆုံး ခွင့်ပြုခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံမှာ နေထိုင်တဲ့ လိင်တူချစ်သူတွေဟာ ၂၀၀၁ ခုနှစ်ကတည်းက တရားဝင် လက်ထပ်ခွင့် ရနေကြပါပြီ။
လိင်တူချစ်သူတွေကို ရာဇဝတ်သားလို ဆက်ဆံတဲ့ အပြုအမူတွေကိုတော့ ၁၈၁၁ ခုနှစ်ကတည်းက တားမြစ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ လိင်တူချစ်သူတွေလည်း အခြားလူတွေနဲ့ အတူ တန်းတူ အခွင့်အရေးရှိတဲ့အကြောင်းကို ဥပဒေတွေနဲ့ ပြဌာန်းပေးခဲ့ပါတယ်။ အမ်စတာဒမ်မြို့တော်ဟာဆိုရင်လည်း ဂေးတွေအပေါ် နွေးနွေးထွေးထွေး ဆက်ဆံလေ့ ရှိပါတယ်။
၁၉၈၇ ခုနှစ်မှာတော့ အမ်စတာဒမ်မြို့မှာ “Homomonument” ဆိုတဲ့ နေရာ တနေရာ သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနေရာကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက ညှဉ်းဆဲ သတ်ဖြတ်ခံခဲ့ရတဲ့ လိင်တူချစ်သူတွေအတွက် သီးသန့် အထိမ်းအမှတ် ကျောက်တိုင်ပဲ ဖြစ်ပါတယ်။
နောက်ထပ် LGBT တွေအတွက် လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံတွေကတော့ ဆွီဒင်၊ ပေါ်တူဂီ၊ အိုက်စလန်၊ ဂျာမနီ၊ မော်လ်တာ၊ ဘယ်လ်ဂျီယံနဲ့ နယူးဇီလန်နိုင်ငံတို့ ဖြစ်ပါတယ်။
Ref. nomadicboys.com