Travel

ဂျပန်နိုင်ငံက Nara သမင်များ ပလတ်စတစ် အန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရ

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Nara သမင်တွေဟာ အစာလာကျွေးတဲ့ ခရီးသွား ဧည့်သည်တွေဆီက ပလတ်စတစ်အိတ်ကို ဆွဲယူ စားသောက်မိလို့ အသက်အန္တရာယ် ကြုံတွေ့နေရပါတယ်။ အခြေအနေကို တားဆီးနိုင်ဖို့ ပရဟိတ အဖွဲ့အစည်းတွေက စေတနာ့ ဝန်ထမ်းတွေ ကူညီစောင့်ရှောက်နေပေမယ့်လည်း အပြည့်အဝ မစောင့်ရှောက်နိုင်သေးပါဘူး။

ဝါကာကူဆာ တောင်ခြေက နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ Nara ပန်းခြံမှာ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် “Nara သမင်” လို့ လူသိများတဲ့ Sika သမင်တွေ ကျက်စားတဲ့ နေရာလည်း ဖြစ်ပါတယ်။ နှစ်စဉ် ခရီးသွားဧည့်သည် ၂ သန်းကျော် လာရောက် လည်ပတ်ကြတဲ့ ဒီပန်းခြံမှာ စွန့်ပစ် ပလတ်စတစ်အိတ်တွေကို စားသောက်မိရာကနေ သမင်တွေ သေဆုံးကြတာပါ။

၂၀၁၉ ခုနှစ်၊ မတ်လ လောက်တည်းက အစာလာကျွေးတဲ့ ဧည့်သည်တွေဆီကနေ ပလတ်စတစ်အိတ်တွေ စားမိလို့ သမင် ၆ ကောင်လောက် သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ သမင်တကောင်ကို ခွဲစိတ်ကြည့်တဲ့အခါ အစာအိမ်ထဲမှာ အန္တရာယ်ရှိ ပလတ်စတစ် အလေးချိန် ၉ ပေါင်ကျော်လောက် တွေ့ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်ကလည်း ခရီးသွားဧည့်သည် အများဆုံး လာကြတဲ့နေရာမှာ မတော်တဆ တိုက်မိမှုတွေ ဖြစ်ပြီး သမင် ၂၉ ကောင် သေဆုံးခဲ့ရဖူးပါတယ်။ စတုရန်းမီတာ ၅ ထောင်ကျော် အကျယ်အဝန်းရှိတဲ့ Nara ပန်းခြံဟာ Sika သမင်မျိုးရင်း ၁,၂၀၀ လောက် ကျက်စားနေထိုင်ကာ အမျိုးသားစောင့်ရှောက်ရေး ရတနာတခုအဖြစ် သတ်မှတ်ပြီး ဘေးမဲ့စောင့်ရှောက်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ခရီးသွား ဧည့်သည်တွေကတော့ သမင်တွေကို သဘာဝအတိုင်း အနီးကပ် လေ့လာနိုင်ပြီး နေထိုင်ကျက်စား ပုံတွေကို တွေ့မြင်ချင်တာကြောင့် လာရောက်ကြတာပါ။

ယခုခါမှာတော့ ပလတ်စတစ် အန္တရာယ်ကြောင့် သမင်တွေကို ကျွေးမယ့် Senbei Snacks ဂျပန် ဆန်မုန့်ထည့်တဲ့ အိတ်တွေကို ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မရှိတဲ့ ထုတ်ပိုးမှု ပုံစံတွေနဲ့ ပြောင်းလဲထားတယ်လို့ Nara သမင်ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်းက ဆိုပါတယ်။ ဒါပေမဲ့လည်း ခရီးသွား ဧည့်သည်တွေ ယူလာတဲ့ တခါသုံး ကော်ဖီခွက်၊ ပလတ်စတစ်အိတ်၊ ရေသန့်ဘူးတွေက ပန်းခြံထဲမှာ ပြန့်ကျဲနေတတ်ပါတယ်။

“Nara သမင်တွေက ခရီးသွားဧည့်သည် လွန်ကဲလာမှုရဲ့ နောက်ဆုံး ဓားစာခံပါပဲ။ အရင်တုန်းက မတော်တဆ ထိခိုက်မှုတွေကနေ သေဆုံးကြတယ်။ အခုတော့ ပလတ်စတစ်တွေကြောင့် အန္တရာယ် ကြုံနေရပြီ။ ခရီးသွားလုပ်ငန်းတွေရဲ့ တာဝန်ယူမှု အားနည်းတာကို မေးခွန်းထုတ်စရာ ဖြစ်လာပြီ”လို့ ခရီးသွားလုပ်ငန်းတခုရဲ့ CEO ဂျက်စတင်က ပြောပါတယ်။

ခရီးသွားတွေဘက်ကလည်း နာမည်ကျော် Nara ပန်းခြံကို လာရောက် လည်ပတ်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ဖို့ အတွက်လောက်ပဲ စဉ်းစားနေတာနဲ့ သမင်တွေ ထိခိုက်မိမှာကို ထည့်မစဉ်းစားကြဘူးလို့ ဂျက်စတင်က ဆိုပါတယ်။

ဗြိတိသျှ သမင်အဖွဲ့အစည်း (The British Deer Society) ရဲ့ နည်းပညာ အကြံပေးတဦးဖြစ်သူ ချားလ်စ်ကလည်း “ဧည့်သည်တွေကို ဆွဲဆောင်နေတဲ့ အများပြည်သူနေရာတွေမှာ ခရီးသွားတွေထက် တိရစ္ဆာန်တွေကို ဦးစားပေးဖြစ်သင့်တာပါ။ Nara ပန်းခြံမှာဆိုရင်လည်း သမင်တွေကို အမျိုးသားရတနာလို့တောင် သတ်မှတ်ပြီး ဘေးမဲ့ပေးထားကြလို့ လည်ပတ်တဲ့ ဧည့်သည်တွေဘက်ကလည်း နားလည် သဘောပေါက်ဖို့ လိုပါတယ်။ မဆင်မခြင် အပြုအမူတွေ မလုပ်မိဖို့ လိုတယ်”လို့ ပြောပါတယ်။

Ref. www.msn.com

You May Also Like These Stories:

Whale Shark ကြီးတွေကို အနီးကပ်မြင်တွေ့ခွင့်ရမယ့် ဖိလစ်ပိုင်နိုင်ငံက တံငါရွာလေး

အရှေ့တောင်အာရှမှာ အေးအေးချမ်းချမ်း လည်ပတ်နိုင်မယ့် နေရာ ၃ နေရာ

ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များ တည်ရှိရာ မြို့ကြီးများ

Loading