ဇူလိုင်လဟာ ခရီးထွက်လို့ ကောင်းတဲ့ ရာသီပါ။ အနောက်နိုင်ငံတွေအတွက် ဇူလိုင်လဟာ ခရီးသွားရာသီလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇူလိုင်လ ရောက်လာရင် အနောက်နိုင်ငံသားတွေ သွားလေ့ရှိတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Seychelles နိုင်ငံ
အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ Seychelles နိုင်ငံဟာ ဟန်းနီးမွန်းခရီး ထွက်လို့ကောင်းတဲ့ ကောင်းတဲ့ နိုင်ငံပါ။ အာဖရိက အရှေ့ပိုင်းမှာ ရှိပြီး ကွန်းစုပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဇူလိုင်လအတွင်း ခရီးထွက်လို့ကောင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ လူဦးရေ စုစုပေါင်းကလည်း ၉ သောင်းကျော်သာ ရှိတဲ့အတွက် အာဖရိကနိုင်ငံတွေထဲမှာတော့ လူဦးရေ အနည်းပါးဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ လူဦးရေ နည်းပါးတဲ့အတွက်ကြောင့်လည်း သဘာဝကမ်းခြေ အများအပြားဟာ မပျက်စီးသေးဘဲ အကောင်းပတိအတိုင်း ကျန်နေသေးပါတယ်။
(၂) ဂျာမနီနိုင်ငံ
ခရီးသွားတွေအကြား ဂျာမနီနိုင်ငံရဲ့ကျော်ကြားမှုကတော့ ဂျာမနီ ဘီယာပါ။ ဒါကြောင့်လည်း တနှစ်တခါတော့ ဂျာမနီနိုင်ငံကို ခရီးထွက်လေ့ ရှိကြပါတယ်။ ဇူလိုင်လအတွင်းမှာဆိုရင် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အတူ ဂျာမနီနိုင်ငံရဲ့ ပန်းခြံတွေမှာ ပျော်ပွဲစားထွက်လို့လည်း ကောင်းပါသေးတယ်။ ဇူလိုင်လအတွင်း ဘာလင်မြို့ကို ရောက်နေတယ်ဆိုရင် ပစ္စည်းဟောင်းတွေ ရောင်းချပေးတဲ့ လဟာပြင်ဈေးမှာ ဈေးသုံးလို့ကောင်းသလို အခြားပျော်စရာ ကောင်းတဲ့ ပွဲတော်တွေကိုလည်း ဂျာမနီ နိုင်ငံအနှံ့မှာ ကျင်းပလေ့ရှိပါတယ်။
Disney ရဲတိုက်လို့ လူတွေခေါ်လေ့ရှိတဲ့ Neuschwanstein ရဲတိုက်ကတော့ ဂျာမနီနိုင်ငံကို ရောက်ရင် မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ နေရာပါ။ အဲဒီ ရဲတိုက်ကိုတော့ ၁၈၈၆ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ တနှစ်ကို လူပေါင်း ၁ ဒဿမ ၃ သန်း လာရောက် လည်ပတ်လေ့ရှိပြီး နွေရာသီရောက်လာရင်တော့ တရက်ကို လူ ၆ သောင်းလောက် အလည်လာလေ့ ရှိပါတယ်။
(၃) မက္ကဆီကိုနိုင်ငံ
မက္ကဆီကိုနိုင်ငံကို ဇူလိုင်လအတွင်း ခရီးသွားလို့ကောင်းတဲ့ အကြောင်းကတော့ သာယာတဲ့ ကမ်းခြေကြောင့် ဖြစ်သလို အခြား ပျော်စရာကောင်းတဲ့ ပွဲတော်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာဆိုရင် ယူကာတန် ကျွန်းဆွယ်ဒေသမှာ Whale Shark ပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ ၁၂ ကြိမ်မြောက် ကျင်းပမယ့် ဒီပွဲတော်ကိုတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ Isla Majeres မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Whale Shark ပွဲတော် ဆိုတာကတော့ အရွယ်အစား ကြီးမားတဲ့ အပူပိုင်း ငါးမန်းမျိုးတွေ ရေမျက်နှာပြင်ပေါ် အနီးကပ် တက်လာတဲ့အချိန် ကျင်းပတာပါ။
(၄) ကနေဒါနိုင်ငံ
ကနေဒါနိုင်ငံကို ခရီးထွက်လို့ အကောင်းဆုံးအချိန်ကတော့ ဇူလိုင်လပါ။ ဗန်ကူးဗားကမ်းခြေနဲ့ နယူးဖောင်လန် ကမ်းခြေတွေဟာ ကနေဒါနိုင်ငံကို ရောက်ရင် မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာ ကနေဒါနိုင်ငံကို အလည်သွားသင့်တဲ့ နောက်ထပ် အကြောင်းကတော့ Niagara ရေတံခွန်ကြောင့်ပါ။
(၅) Greenland နိုင်ငံ
GreenLand နိုင်ငံဟာ အာတိတ်သမုဒ္ဒရာနဲ့ အတ္တလန္တိတ် သမုဒ္ဒရာကြားမှာ ရှိပါတယ်။ အဓိက နေထိုင်တဲ့လူမျိုးတွေကတော့ Inuit လူမျိုးတွေ ဖြစ်ပြီး ၁၃ ရာစုလောက်က ကနေဒါပြည်မကနေ စတင် ပြောင်းရွှေ့နေထိုင်လာကြသူတွေလည်း ဖြစ်ပါတယ်။ ဇူလိုင်လမှာ Greenland ကို အလည်သွားသင့်တဲ့ အကြောင်းကတော့ နေ့တာရှည်တဲ့ အတွက်ကြောင့်ပါ။
ဒါကြောင့် အားလပ်ရက် အပန်းဖြေခရီးကို နေ့တာရှည်ရှည် အောက်မှာ ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ပါတယ်။ ရေခဲပြင်တွေပေါ်မှာ ခွေးစွတ်ဖား စီးတာကိုလည်း မိသားစုနဲ့အတူ ပြုလုပ်နိုင်ပါတယ်။ Greenland အနောက်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ Disco ကျွန်းကိုလည်း သွားရောက် လည်ပတ်သင့်ပါတယ်။ Disco ကျွန်းကတော့ ကမ္ဘာ့အကြီးမားဆုံး ကျွန်း ၁၀၀ ထဲက ကျွန်းတကျွန်း ဖြစ်ပါတယ်။
Ref: traveltriangle.com , www.nbc29.com
You may also like these stories:
ဇွန်လအတွင်း ခရီးသွားလို့ ကောင်းတဲ့ တရုတ်နိုင်ငံက မြို့များ
ဒီဇင်ဘာလမှာ ခရီးထွက်သင့်တဲ့ အာရှနိုင်ငံများ
ကနေဒါနိုင်ငံကို သွားလည်တဲ့အခါ သိထားသင့်တဲ့ အချက်များ
တရုတ်ပြည်၊ မဟာတံတိုင်းကို အစအဆုံး ပထမဆုံး လမ်းလျှောက်ခဲ့ကြသူများ