လူတွေရဲ့အမြင်မှာတော့ လေယာဉ်ခရီးစဉ်ဆိုတာ ရှည်လျားလှတဲ့ မိုင်တိုင်တွေကိုချုံ့ပစ်နိုင်ဖို့ အချိန် ကြာကြာပျံသန်းရတဲ့ ခရီးစဉ်မျိုးလို့ပဲ ယူဆထားကြပါတယ်။ အခုဖော်ပြပေးမယ့် လေယာဉ်ခရီးစဉ် တွေကတော့ လေကြောင်းလိုင်းနဲ့ ပတ်သက်သမျှ အသေးငယ်ဆုံးအစိတ်အပိုင်းတွေပါ။
၁။ ၂ မိနစ်သာ ပျံသန်းရတဲ့ လေယာဉ်ခရီးစဉ်
စကော့တလန်နိုင်ငံမှာရှိတဲ့ Westray ကျွန်းဟာ Orkney ကျွန်းတွေထဲက ကျွန်းငယ်လေး တကျွန်း ပါ။ အဲဒီကျွန်းမှာ နေထိုင်ကြသူ စုစုပေါင်း လူဦးရေ ၆၀၀ တောင်မရှိပါဘူး။ Westray ကျွန်းမှာ အဓိကကျတဲ့ ရွာကတော့ Pierowall ဆိုတဲ့ကျေးရွာပါ။ အဲဒီကျွန်းမှာရှိတဲ့ လေဆိပ်ကတော့ Aikerness ဖြစ်ပါတယ်။ Aiikerness လေဆိပ်ဟာ ကမ္ဘာ့အချိန် အတိုဆုံး ပျံသန်းရတဲ့ လေဆိပ် ဖြစ်ပြီး Papa Westray လေဆိပ်ကိုပျံသန်းရတာပါ။
Papa Westray ကလည်း စကော့တလန်နိုင်ငံရဲ့ Orkney ကျွန်းတွေထဲက တကျွန်းပါ။ Westray ကနေ Papa Westray ကို ရောက်ဖို့ လေယာဉ်ပျံသန်းချိန်က ၂ မိနစ်လောက်သာ ကြာပြီး အကွာအဝေးက ၂ ဒဿမ ၈ ကီလိုမီတာ (၁ ဒဿမ ၇မိုင်) သာ ရှိပါတယ်။ ရာသီဥတု ကောင်းမွန် နေတဲ့ အချိန်မျိုးမှာ ပျံမယ်ဆိုရင်တော့ ၄၇ စက္ကန့်လောက်သာ ကြာပါတယ်။
အချိန်ခဏလေးသာ ကြာပေမယ့်လည်း ဒီလေကြောင်းခရီးစဉ်က အမြဲရှိမနေပါဘူး။ နွေရာသီရောက်မှသာ လေကြောင်း ခရီးစဉ် ရှိပါတယ်။ တကြိမ်ပျံရင်လည်း လူ ၉ ယောက်သာ တင်ဆောင်တဲ့ အတွက်ကြောင့် ကြိုတင်စာရင်းပေးထားဖို့ လိုအပ်ပါတယ်။
၂။ ကမ္ဘာ့ပြေးလမ်း အတိုဆုံးလေဆိပ်
အဲဒီလေယာဉ်ပြေးလမ်းကတော့ ပေ ၁၃၀၀ သာရှည်လျားပါတယ်။ တခြား လေယာဉ် ပြေးလမ်း တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ ကမ္ဘာ့အတိုဆုံး လေယာဉ်ပြေးလမ်းကလေးပါ။ အဲဒီလေဆိပ် ကတော့ နယ်သာလန်နိုင်ငံရဲ့ Saba ကျွန်းပေါ်က လေဆိပ်ကလေး ဖြစ်ပါတယ်။ ပြေးလမ်းတို ပေမယ့်လည်း ဂရုတစိုက် မောင်းနှင်ကြရပါတယ်။ အကြောင်းကတော့ နည်းနည်းလေး အရှိန်လွန် သွားတာနဲ့ သမုဒ္ဒရာထဲ ထိုးကျသွားနိုင်တဲ့အတွက်ကြောင့်ပါ။
နောက်ပြီး ဒီလေဆိပ်က နယ်သာလန်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ လေဆိပ်တခုပါပဲ။ အကြောင်းကတော့ နယ်သာလန်နိုင်ငံနဲ့ Saba ကျွန်းကို ဆက်သွယ်ပေးနေလို့ပါ။ အန္တရာယ်များတဲ့ ဒီလေဆိပ်မှာ မတော်တဆမှုဆိုတာလည်း တခါမှ ဖြစ်ခဲ့ဖူးတာမျိုး မရှိသေးပါဘူး။
၃။ ကမ္ဘာ့ လူဝင်လူထွက် အနည်းဆုံးလေဆိပ်
အမေရိကန်ပြည်ထောင်စုမှာ လေဆိပ်အငယ်စားလေးတွေ ထောင်ချီပြီးတော့ ရှိပါတယ်။ ဒါပေမဲ့ FAA ရဲ့ အစီရင်ခံစာအရ ဆိုရင်တော့ အသေးငယ်ဆုံးလေဆိပ်ကတော့ Dawson Community လေဆိပ်ဖြစ်ပြီး မွန်တာနာပြည်နယ်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ခရီးသည်ပေါင်း ၂၅၁၉ ယောက်သာ ရှိခဲ့ပါတယ်။ လူအလာလည်းနည်းတဲ့အတွက် လေကြောင်းလိုင်းကလည်း Cape လေကြောင်းလိုင်း တခုသာရှိပါတယ်။
Ref:kiwi,en.wikipedia
You may also like these stories:
နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား
အဆမတန် များပြားလာတဲ့ ခရီးသွားတွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခ ရောက်နေကြ