ဒေါက်တာ Napassaporn ဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၆ ခုနှစ်တုန်းက ဧဝရက်တောင်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးသော ထိုင်းအမျိုးသမီး တယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာတော့ သူဟာ မြောက်အမေရိကရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Denali ကို တက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
၆,၁၉၀ မီတာ (၂၀,၃၁၀ ပေ) အမြင့်ရှိတဲ့ Denali တောင်ကို တက်ခဲ့တဲ့ အဲဒီ အမျိုးသမီးဟာ သွားဆရာဝန်တဦးဖြစ်ပြီး အောင်မြင်စွာ တက်ရောက်နိုင်ဖို့ တနှစ်နီးပါး ပြင်ဆင်ခဲ့ရပါတယ်လို့ သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။ တောင်စတက်စဉ်တုန်းကတော့ သူ့အသင်းမှာ လူအများအပြား ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဖွဲ့ဝင်တချို့ဟာ လမ်းခုလတ်မှာပဲ လက်လျှော့ခဲ့ကြပါတယ်။
နောက်ဆုံး တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့အချိန်မှာတော့ သူအပါအဝင် အဖွဲ့ဝင် ၄ ယောက်သာ ကျန်ပါတော့တယ်။ အဲဒီ အမျိုးသမီးနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က Denali တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။
Denali တောင်ဟာ အမေရိကန်ပြည်ထောင်စု၊ Alasaka ပြည်နယ်ရဲ့ Danali အမျိုးသားဥယျာဉ် အတွင်းမှာ ရှိပါတယ်။ အဲဒီတောင်ပေါ်ကို တက်ခဲ့ကြတဲ့ တောင်တက်သမားတွေထဲက ၄၀ ရာခိုင်နှုန်းလောက်သာ တောင်ထိပ်ပေါ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြပါတယ်။
အသင်းသားတွေရဲ့ ပြောစကားတွေအရ အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ်ရဲ့ တဝက်နီးပါးလောက်မှာ ကိုယ်ကာယ လေ့ကျင့်ခန်းကိုသာ ပြုလုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို လေ့ကျင့်ခန်းတွေ ပြုလုပ်ရခြင်း ကတော့ Denali တောင်ပေါ်ကို အောင်မြင်စွာ တက်ရောက်နိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။
သူနဲ့ သူ့အဖွဲ့ဝင်တွေဟာ မနှစ်ကလည်း Denali တောင်ကို တက်ဖို့ကြိုးစားခဲ့ကြပေမယ့် ရာသီဥတု ဆိုးရွားတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ သူနဲ့ အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံကို ပြန်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း သူနဲ့ သူ့အဖွဲ့ဝင်တွေဟာ ဒီနှစ်ထဲမှာတော့ Denali တောင်ကို ပြန်တက်ဖို့ ကြိုးစားခဲ့ပြီး အခုလိုပဲ အောင်မြင်မှု ရခဲ့ပါတယ်။ သူဟာ ထိုင်းလူမျိုးတွေထဲမှာ Denali တောင်ကို တက်နိုင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးတယောက်လည်း ဖြစ်ပါတယ်။
Ref. bangkokpost
You may also like these stories:
လူ အသေအပျောက် များလာပြီ ဖြစ်တဲ့ ဧဝရတ် တောင်တက်ခရီးစဉ်
မွန်ဂိုလီးယားကနေ အင်္ဂလန်နိုင်ငံကို ကုလားအုတ် စီးပြီး ခရီးထွက်ခဲ့တဲ့ အမျိုးသမီး
သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာပေါ်က အလှပဆုံးတောင်များ
အာရှတိုက်ရဲ့ “ဆီးနှင်းမြို့တော်” စာရင်းမှာ မြန်မာနိုင်ငံက ပူတာအို ပါဝင်