ဂျာမနီနိုင်ငံဟာ သမိုင်းကြောင်းအရ အထင်ကရ နိုင်ငံတနိုင်ငံဖြစ်သလို ယနေ့ခေတ်မှာ ဆိုရင်လည်း ခရီးသွား အများအပြား လာရောက် လည်ပတ်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ခရီးသွားအများဆုံး လာရောက်တဲ့ မြို့တော်ကတော့ ဘာလင်မြို့ ဖြစ်ပြီး ခရီးသွားတွေက ဒုတိယကမ္ဘာစစ် အကြွင်းအကျန်တွေနဲ့ စစ်အေးခေတ် ကာလက အကြွင်းအကျန်တွေကို လာရောက် ကြည့်ရှုကြတာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံကို ရောက်ရင်တော့ ဘာလင်မြို့သာ မကဘဲ အခြားပြည်နယ် ၁၆ ပြည်နယ်မှာလည်း လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ်။ ဂျာမနီနိုင်ငံရဲ့ ပြည်နယ်အများစုကတော့ သစ်တောသစ်ပင်တွေ ကြွယ်ဝသလို ချစ်စရာကောင်းတဲ့ ကျေးရွာလေးတွေလည်း အများကြီး ရှိနေပါတယ်။
ဂျာမနီနိုင်ငံရဲ့ တောင်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ Bavaria ပြည်နယ်ဟာဆိုရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ဖြစ်သလို အထင်ကရ သမိုင်းဝင် အဆောက်အဦတွေ တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။
စစ်အေးကာလတုန်းက ထင်ရှားတဲ့ ဘာလင်မြို့တော်ဟာ ဆိုရင်လည်း ဥရောပရဲ့ အလှဆုံးမြို့ ဖြစ်သလို လူတွေရဲ့ ဝတ်စားဆင်မှုတွေကြောင့်လည်း ထင်ရှားတဲ့မြို့တော် ဖြစ်ပါတယ်။ ဂျာမနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဘာလင်မြို့မှာဆိုရင် ကမ္ဘာ့အဆင့် ရှိတဲ့ ပြတိုက်ကြီးတွေလည်း တည်ရှိပါတယ်။
ဘောလ်တစ် ပင်လယ်အတွင်းမှာရှိတဲ့ Rugen ကျွန်းဟာ ဂျာမနီနိုင်ငံရဲ့ အကြီးမားဆုံး ကျွန်းတကျွန်း ဖြစ်သလို အနားယူ အပန်းဖြေ ခရီးထွက်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ Cologne မြို့ဆိုရင်လည်း ဂျာမနီနိုင်ငံရဲ့ အထင်ကရ နေရာဖြစ်သလို အလည်အပတ် သွားလို့ကောင်းတဲ့ နေရာ တနေရာ ဖြစ်ပါတယ်။
အလယ်ခေတ် လက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားရှိခိုးကျောင်းကြီးတွေကြောင့်လည်း Cologne မြို့ကို ခရီးသွားအများအပြား လာရောက်လေ့ ရှိပါတယ်။ ဂျာမနီနိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ Berlin၊ Hamburg နဲ့ Munich မြို့တွေ ပြီးရင် Cologne မြို့က စတုတ္ထမြောက် အကျော်ကြားဆုံး မြို့တမြို့ ဖြစ်ပါတယ်။
Cologne ဘုရားရှိခိုးကျောင်းကြီးက ဂျာမနီနိုင်ငံရဲ့ ရတနာတပါး ဖြစ်သလို ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးဆုံး ဘုရားရှိခိုးကျောင်းကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကို ၁၂၄၈ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ပြီး နေ့စဉ်လိုလို ခရီးသွား ၂၀,၀၀၀ နီးပါး လာရောက် လည်ပတ်လေ့ ရှိတယ်လို့ သိရပါတယ်။
Ref. edition.cnn.com, travelaway.me
You may also like these stories:
ဂျာမနီနိုင်ငံမှာသာ ရှိတဲ့ ထူးထူးခြားခြား အရာများ
ဂျာမနီနိုင်ငံမှာသာ မြင်တွေ့ရမယ့် အရာများ
သန်းကြွယ်သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံ (၅) ခု
ဥရောပတိုက်မှာ ရှိတဲ့ အလှဆုံး ရဲတိုက်များ