ခရီးသွားခြင်းရဲ့ အနှစ်သာရတွေထဲမှာ သမိုင်းတွေနဲ့ ခရီးသွားခြင်းဟာ အလှအပ ပုံလေးတွေ သီးသန့်ရိုက်ပြီး လည်ပတ်ရတဲ့ ခရီးထက် နည်းနည်း အလုပ်ပိုတာ ရှိပေမယ့် ကိုယ့်နိုင်ငံထဲက သမိုင်းနဲ့ဆက်စပ်တဲ့ ဖြစ်ရပ်တွေဟာ ကိုယ့်ရှေ့ကို ပြန်ပြန်ပေါ်လာသယောင် ခံစားရတဲ့ ခံစားမိတဲ့ အရာကတော့ အတော် ပီတိဖြစ်စရာပါ။
သဘာဝတွေကို ခံစားတဲ့ ခရီးစဉ်မျိုးကော၊ လူတွေ ဖြတ်သန်းခဲ့တဲ့ အတိတ်ခြေရာတွေ အများကြီးပါ ရှိတဲ့ နေရာတွေကို သွားရတဲ့ ခရီးစဉ်တိုင်းကို ကျမကတော့ နှစ်ခြိုက်ပါတယ်။ ဒီတပတ်တော့ ခြေဆန့်ဖြစ်တဲ့နေရာက ဘယ်တော့မှ မရိုးတဲ့ ရန်ကုန် ပြည်လမ်းဘက်ကိုပဲ ဖြစ်ပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းကြီး မပေါ်ခင်က ကျမတို့ ခရီးသွားဖို့အတွက် အဓိက လမ်းကြောင်းတခု ဖြစ်ခဲ့တဲ့ ရန်ကုန်-ပြည်လမ်းဟာ အခုဆိုရင် လမ်းပိုင်းအလိုက် ကုမ္ပဏီတွေက ပြင်ဆင်ထားကြတာကြောင့် တော်တော်လေးကို ကျယ်လာပြီး သွားလာရလည်း အဆင်ပြေလာတာ တွေ့ရပါတယ်။

ပြည်မြို့အထိ သွားမယ်ဆိုရင် ရန်ကုန်ကနေ မိုင် ၁၈၀ နီးပါးခန့် မောင်းဖို့ အရင်ကဆို ၈ နာရီလောက် အချိန် ယူရပါတယ်။ အကြောင်းကတော့ လမ်းနည်းနည်း ကျဉ်းရတဲ့အထဲ တချို့နေရာတွေမှာ မိုးဒဏ်လေဒဏ်နဲ့ ကုန်တင်ကားကြီးတွေ အလီလီ ဖြတ်သန်းမှုကြောင့် ပျက်စီးမှုတွေ ရှိလို့ပါ။ အခုတော့ လမ်းချဲ့ထားတာရယ်၊ ပိုပြီး ကောင်းမွန်တဲ့ လမ်းသားရယ်ကြောင့် သွားလာရာမှာ မြန်ဆန်လာလို့ ပုံမှန် ၅ နာရီသာသာလောက် မောင်းရင်ကို ရောက်ပါပြီ။
ခရီးသွားရတာ အမြဲ မမောတဲ့ ကျမတို့ မိသားစုကတော့ ဒီအပတ်ထဲ ပြည်လမ်းဘက်ကို ဦးတည်မိတယ်ဆိုတော့ မိုးလေကင်းတဲ့ မနက်စောစော ထွက်လာကြရင်း တိုက်ကြီးမှာ မနက်စာစား၊ သာယာတဲ့ ပြည်လမ်း တလျှောက်က လယ်ကွင်းစိမ်းစိမ်းစိုစိုတွေ၊ အပင်အိုကြီးတွေကို ခံစားငေးမောရင်းနဲ့ မင်းလှမြို့ရောက်တော့ ပြည်မရောက်ခင် ဝင်လည်ချင်တဲ့ တနေရာကို စိတ်ကူးမိကြပါတယ်။
အဲဒါကတော့ မင်းလှမြို့ထဲက ရှေးဟောင်း အဆောက်အဦးကြီး တခုကို မြင်ထားမိလို့ပါ။ ဘာ အဆောက် အဦးမှန်း သေချာ မသိခင်ကတည်းကကို အဲဒီနေရာကို သွားချင်ကြတဲ့ တမိသားစုလုံးက ပြည်လမ်းကနေ မင်းလှမြို့ထဲဝင်ဖို့ ကားကို ဘယ်ဘက်ကို ဦးတည် လိုက်ပါတယ်။

ပြည်လမ်းပေါ်ကနေ ၂ မိုင်လောက် ဝင်ပြီးတဲ့အခါမှာ မင်းလှမြို့ထဲကို ရောက်ပါပြီ။ မင်းလှမြို့ဟာ အင်္ဂလိပ် ခေတ်က မြို့ပိုင်အဆင့် ထိုင်ခဲ့တဲ့ နေရာမို့ တမြို့လုံးမှာ ရှေးဟောင်း အဆောက်အဦတွေ များလှသလို၊ အဲဒီ အဆောက်အဦးတွေ ကိုလည်း ဖျက်ဆီးခြင်း မပြုဘဲ၊ သေချာ ပြုပြင်ကာ နေထိုင်နေကြဆဲ လူတွေ အများကြီးရှိတာကို တွေ့ရပါတယ်။
အင်္ဂလိပ်ခေတ်က နှစ်ဆောင်ပြိုင် ဘိုတဲကြီးတွေ၊ အနုလက်ရာမြောက်တဲ့ ရှေးဟောင်း ဗလီအပြင် ယဉ်ကျေးမှုတွေ ရောယှက်နေတဲ့ ဗိသုကာ လက်ရာကောင်းကောင်းနဲ့ ဘုန်းကြီးကျောင်းတွေလည်း ဒီမြို့ထဲမှာ ရှိပါတယ်။
ကျမတို့ကတော့ လူမှုကွန်ရက်မီဒီယာမှာ ခဏမြင်ဖူးထားတဲ့ အဆောက်အအုံဟောင်း ဆီကို သွားချင်တော့ မြို့ထဲမှာ မေးမြန်းလိုက်တာနဲ့ ပန်းပဲချောင်နဲ့ ခြင်္သေ့ နှစ်ကောင်ရပ်ကွက်က မဟာသတိပဌာန် ဘုန်းကြီး ကျောင်းဝင်းထဲက အဆောက်အဦး ဆိုတာကို သိလိုက်ရပါတယ်။ ကျောင်းကလည်း မြို့ထဲမှာပဲ ရှိပါတယ်။

ကျောင်းဝင်းအတွင်း ရောက်တော့ ခြုံနွယ်တွေ ပိတ်နေပြီး ကန်စွန်းကန်လို နေရာရဲ့ နောက်မှာ ဒီ အဆောက် အဦးကို တွေ့ရတော့တာပါ။ အုတ်နီရောင် အဆောက်အဦးက အပြင်ကနေ ကြည့်လိုက်တာနဲ့ ဗိသုကာ လက်ရာဟာ မြန်မာသိပ်မဆန်လှတာကို မြင်ရပါတယ်။ အနီရောင် အုတ်ကြီးတွေက ရှေးအုတ်တွေမှန်း သိသာနေပြီး ကနုတ်လက်ရာတွေအပြင်၊ ဂန္ဓလရာဇ်တိုင်းဘက် ဆန်တဲ့ အပြင်အဆင်တွေ မဇ္ဈိမ တိုင်းဘက် ဆန်တဲ့ အသွင်ပြင်တွေပါ တွေ့ရပါတယ်။
ကျောင်းထဲ ဆက်ဝင်သွားတော့ အဲဒီ အဆောက်အဦးဘေးမှာပဲ စေတီအိုဟောင်းတွေကော၊ နောက်ထပ် ဘိုတဲဆန်ဆန် အဆောက်အဦးကြီး တခုကိုလည်း ထပ်တွေ့ရပါတယ်။ အဲဒါတွေက ဘုန်းတော်ကြီးကျောင်း ဖြစ်တာမို့ အတွင်းမှာ မြန်မာ ဘုန်းကြီးကျောင်း ဒီဇိုင်းကို မြင်ရပါတယ်။
ခုနက ရှေးအဆောက်အဦးထဲ ဝင်လိုက်တဲ့အခါမှာတော့ တခမ်းတနား ဆောက်ထားခဲ့တဲ့ ဗိသုကာ လက်ရာကို မြင်ရပါတယ်။ ဘုရားဆင်းတုတော်ကြီး တဆူ တည်ရှိနေပြီး ပြတင်းပေါက်ကြီးတွေ၊ ယက်မအကြီးကြီးတွေနဲ့ ကျယ်ဝန်းတဲ့ ဂူဘုရား တခုထဲ ရောက်နေသလိုပါပဲ။

ဒီ အဆောက်အအုံက အပြင်ကနေကြည့်ရင်တော့ အခန်းတွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အိမ်လိုလို၊ ဘိုတဲလိုလို ထင်ရပေမယ့် အထဲမှာတော့ ဂူဘုရားတွေထဲက အဆင်အပြင်နဲ့မို့ အဲဒီခေတ်က အိုင်ဒီယာကိုလည်း သဘောကျမိရပါတယ်။
အတွင်းပိုင်းထဲမှာ ဘုရားကန်တော့ရင်း ကျောင်းက ဦးဇင်းတပါး ထွက်လာတော့ မေးကြည့်တဲ့အခါ ဒီ အဆောက် အဦးဟာ ၁၉၁၅ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်တော့ ခုဆိုရင် ၁၀၄ နှစ်ရှိပြီလို့ သိရပါတယ်။ ဆောက်လုပ် လှူဒါန်းသူတွေက အညာသူ သားအမိနှစ်ဦး ဖြစ်တယ်လို့ ကြားရပါတယ်။ ဒီအဆောက်အဦးကို ဆောက်လုပ်ခဲ့တဲ့ သူတွေဟာ တရုတ်နဲ့ အိန္ဒိယ ဗိသုကာ လက်ရာ အဆင်အပြင်တွေကို ရောထွေး ထည့်ဆောက် ခဲ့တာကြောင့် မတူတဲ့ လက်ရာတွေကို မြင်နိုင်မှာပါ။
ဒီအဆောက်အဦးရဲ့ ဘေးက ဘုန်းတော်ကြီးထိုင်တဲ့ ကျောင်းကတော့ အတော်ကျယ်ဝန်းတဲ့ နှစ်ထပ် ကျောင်းကြီးဖြစ်ပြီး လက်ရာကတော့ အင်္ဂလိပ်ခေတ် လက်ရာထဲက ဘိုတဲအကျယ်ကြီး ပုံစံတွေပါ။ ပတ်လည် စြင်္ကန်လမ်းတွေ၊ ဟောခန်းကျယ်ကြီးတွေ၊ ခိုင်ခန့်လှတဲ့ လှေကားကျယ်ကြီးတွေနဲ့ စိတ်ဝင်စားစရာ နေရာ တခုထဲ ပါတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံမှာ ဒီလိုရှေးလက်ရာ ကိုလိုနီခေတ် အဆောက်အဦးတွေကို အများကြီး တွေ့နိုင်ပါသေးတယ်။ သေချာ ပြန်လည် ထိန်းသိမ်းဖို့တော့ ဒေသခံတိုင်းမှာ ရှေးဟောင်း အဆောက်အဦးတွေရဲ့ တန်ဖိုးကို သိရှိဖို့ အသိလေးတွေ ပိုမိုလိုအပ်နေပါတယ်။ အခု ကျောင်းကြီးတွေကိုတော့ လက်ရှိ ကျောင်းမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင် ဆရာတော်က သေချာကျနစွာ ပြင်ဆင် ထိန်းသိမ်း ထားတာကြောင့် မပျက်မစီးဘဲ တွေ့နေရပါသေးတယ်။

ကျမတို့ မင်းလှကထွက်ပြီး ပြည်ကို ဆက်လာတဲ့အခါမှာတော့ သရေခေတ္တရာ မြို့ဟောင်းထဲကို မလည်ပတ်ခင် သုံးပန်လှမင်းသမီး ရှိတယ်ဆိုတဲ့ နေရာကို မရောက်ဖူးတာနဲ့ သွားကြဖို့ ရွေးလိုက်ကြပါတယ်။ သရေခေတ္တရာ မြို့ဟောင်းထဲကို ဝင်လိုက်ပြီးတာနဲ့ ပြတိုက်ထဲကိုမဝင်သေးဘဲ၊ သုံးပန်လှမင်းသမီး လက်သည်းဆိတ်ကန် ဆိုတာကို လမ်းညွှန်ပြထားတဲ့ အတိုင်း တမိုင်ခွဲလောက် မြေသားလမ်းပေါ် ဝင်လိုက်တာနဲ့ ကျောင်းဝင်းထိပ်ကို ရောက်ပါတယ်။
လက်သည်းဆိတ်ကန် ကျောင်းလို့ သိကြပြီး အတွင်းနည်းနည်း ဝင်သွားတာနဲ့ အုတ်ကျောင်းဟောင်းကြီးကို တွေ့ရတော့တာပါပဲ။ ဒီကျောင်းကြီးက အပြင်ဘက်က အုတ်နံရံတွေသာ အခိုင်အခန့်ကျန်နေပြီး အတွင်းထဲ မှာတော့ အုတ်ထောက်တိုင်ကြီးတွေနဲ့ ဟာလာဟင်းလင်းတော့ ဖြစ်နေပါပြီ။ နှစ်ထပ်ကျောင်းကြီးဟာ အပေါ်ထပ် အခင်းတွေ မရှိတော့တာကြောင့် အမိုးထိပ်အထိ မြင်နိုင်မှာပါ။ ဘေးမှာလည်း လှေကားကြီးတွေကို အခိုင်အခန့် မြင်ရပါသေးတယ်။
အဲဒီက ဦးဇင်းတွေ၊ ဒေသခံတွေ အပြောအရတော့ ဒီကျောင်းမှာ အင်းဝခေတ်က စာဆိုကျော် ရှင်မဟာရဌသာရ သီတင်းသုံးဖူးတယ် ဆိုတော့ ဒီကျောင်းရဲ့ သက်တမ်းဟာ နှစ်ပေါင်း လေးရာနဲ့ အထက်မှာ ရှိနေတယ်လို့ သူတို့က ယူဆကြပါတယ်။ ဒါပေမယ့် ကျောင်းထဲက တချို့သော ပြတင်းတွေ၊ အပြင်အဆင် တွေကတော့ ဒီအင်းဝခေတ်ဘက် ထက်ကို ပိုခေတ်မီနေတာကို မြင်ရတာမို့ မူရင်းကျောင်းဟောင်းကိုများ ကိုလိုနီခေတ်ပိုင်းမှာ ပြန်လည်ပြီး ပြင်ဆင်ခဲ့လေသလားလို့တောင် တွေးမိပါတယ်။

ဒီအဆောက်အဦးကတော့ လူနေလို့မရတော့ပါဘူး။ အတွင်းမှာတော့ လာရောက် လည်ပတ်သူတွေက အမှတ်တရ ဓာတ်ပုံတွေ ဝင်ရိုက်နိုင်ပါတယ်။ ရေညှိတွေတက်၊ ခြုံတွေနွယ်တွေနဲ့ အဆောက်အဦးဟောင်းက ပြိုကျတဲ့အထိတော့ မဖြစ်သေးပေမယ့် သေချာတော့ ထိန်းသိမ်းရတော့မယ့် အနေအထားပါ။
အဲဒီ ကျောင်းဝင်းထဲမှာပဲ သုံးပန်လှမင်းသမီး နန်းဆိုတာကို တွေ့ရပါတယ်။ သုံးပန်လှမင်းသမီးနန်း ဆိုတဲ့နေရာမှာ မင်းသမီးပုံ ရုပ်တုကို ထုဆစ်ထားပြီး ယုံကြည်သူတွေက လာရောက်ဆုတောင်း ကိုးကွယ်ကြတာကို တွေ့ရပါတယ်။ ဒီနန်းပေါ်လာတာ ကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကမှပါ။ ဒါပေမယ့် သုံးပန်လှ မင်းသမီး အကြောင်းကတော့ ဒီနယ်တဝိုက်မှာ ရှေးအစဉ်အဆက် လက်ဆင့်ကမ်းပြောလာတဲ့ ဒဏ္ဍာရီပုံပြင်တွေ အများကြီးရှိပါတယ်။
ဒီမင်းသမီး စတင်ဖြစ်ပေါ်လာပုံကတော့ သရေခေတ္တရာမြို့ကြီး စတင်ခဲ့တဲ့ ဒွတ္တဘောင်မင်း ကာလကပဲဖြစ်လို့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက် ရှိပါပြီ။ ဒဏ္ဍာရီလာအရတော့ ဒီသုံးပန်လှ မင်းသမီးဟာ တောင်ညိုမင်းရဲ့ ညီမတော်ဖြစ်ပြီး ဒွတ္တဘောင်မင်းဆီကို ဆက်သခံရတဲ့ မင်းသမီးတပါး ဖြစ်ပါတယ်။ အင်မတန်လှပပြီး တနေ့ကို အလှ ၃ ကြိမ် ပုံစံပြောင်းတဲ့အတွက် နန်းတော်အတွင်း မလိုသူတွေက မင်းသမီးကို ချောက်တွန်းရာကနေ နာကြည်းချက်တွေနဲ့ သေဆုံးခဲ့ပြီးနောက် ဒီဒေသမှာ စောင့်ရှောက်ဖို့ မင်းကြီဆီကနေ အပိုင်စား ရခဲ့ပါတယ်လို့ ဆိုပါတယ်။

ယုံကြည်သူတွေက ဆုတောင်းပြီး လုပ်ငန်းကိုင်ငန်း ဆောင်ရွက်ရင် အောင်မြင်တယ်လို့ ယူဆကြပါတယ်။ ဒေသခံတွေကတော့ နှစ်စဉ် အစဉ်အလာမပျက် ကိုးကွယ်မှုတွေ၊ ပွဲတွေ လုပ်ကြတာမျိုး ရှိပါတယ်။ အခုတော့ ဒီနေရာမှာ သုံးပန်လှ မင်းသမီးနန်းအဖြစ် ပေါ်လာပါပြီ။
ဒေသခံတွေကတော့ မင်းသမီးကို မဖွယ်မရာ ပြောဆိုပြုမူရင် ဘေးသင့်တယ်လို့ ယုံကြည်ကြပြီး ယုံကြည်စွာ ပူဇော်ရင်တော့ စီးပွားရေး အဆင်ပြေတယ်လို့ ဆိုကြပါတယ်။ ဒီနေရာကို သွားရောက် လေ့လာမယ်ဆိုရင် ဒီကျောင်းဝင်း အတွင်းမှာ လက်သည်းဆိတ်ကန်အပြင် စေတီတွေ၊ အခြားရှေးဟောင်း ဘုရားတွေလည်း ရှိပါတယ်။
ဒီသုံးပန်လှ နန်းကို လည်ပတ်ပြီးတော့ ကျမတို့က သရေခေတ္တရာမြို့ဟောင်းထဲ ဝင်လည်ပတ်ကြပါတယ်။ အခေါက်များစွာ ရောက်ပေမယ့် ပျူခေတ်ရဲ့ သမိုင်းကိုပြန်တွေးတိုင်း ဒီမြို့ဟောင်းကပေးတဲ့ ခံစားမှုရသကတော့ ပြောင်းမသွားသေးပါဘူး။ မိုးလေးရွာထားတော့ စိမ်းစိုနေတဲ့ စိုက်ကွင်းတွေ၊ မြေနီလမ်း၊ ကုန်းမို့မို့တွေနဲ့ ရှေးဘုရားအိုကြီးတွေ၊ တူးဖော်တွေ့ရှိထားတဲ့ ပျူလက်ရာ နန်းမြို့ကုန်းဟောင်းတွေ၊ အရာရာဟာ လွမ်းဆွေး ဖွယ်ပါပဲ။

ရန်ကုန်ကနေများ နေ့ချင်းပြန်ခရီးတခု သွားချင်တယ်ဆိုရင်တော့ အခု ကျမတို့ရောက်ခဲ့တဲ့ နေရာတွေဟာ ရသတခုတော့ ကောင်းကောင်းပေးမှာ သေချာပါတယ်။