ကမ္ဘာပတ်ဖို့ ကြိုစားခဲ့ကြသူတွေထဲမှာ ထူးထူခြားခြား လျှပ်စစ်ကားနဲ့ ကမ္ဘာပတ်ခဲ့တဲ့ ဒတ်ချ်လူမျိုး Wiebe Wakker လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ သူကတော့ ရှေ့နေတဦးဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်ကို လျှပ်စစ်ကားနဲ့ ၃ နှစ်ကျော်ကြာ အချိန်ယူ ကြိုစား မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်၊ မတ်လမှာ နယ်သာလန်နိုင်ငံကနေ စတင်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ “Blue Bandit” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ လျှပ်စစ်ကားနဲ့ သွားလာနိုင်တယ်ဆိုတာကို အများသူငှာ သတိထားမိလာစေဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သလို လိုအပ်တဲ့ အလှူငွေကိုတော့ ဆိုရှယ်မီဒီယာက တဆင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“လျှပ်စစ်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကားတွေကို လူသိများလာအောင် အားပေးတဲ့အနေနဲ့ ကျနော် အ ကောင်းဆုံး ကြိုးစားခဲ့တာပါ။ သွားလာရေးမှာ ဒီနည်းပညာလည်း အလားအလာ ရှိနေတယ်ဆိုတာ ပြလိုက်တာပါပဲ”လို့ သူက နယူးဇီလန်မှာ မီဒီယာများနဲ့ တွေ့ဆုံစဉ် သတင်းထောက်များကို ပြောပါတယ်။
“လျှပ်စစ်ကားကို ကမ္ဘာ့တဘက်ခြမ်းကနေ ကမ္ဘာ့တခြမ်းထိအောင် မောင်းပြနိုင်မယ်လို့ စိတ်ကူးခဲ့တာတွေ ခု တော့ လက်တွေ့ အကောင်အထည် ဖော်နိုင်ပါပြီ”လို့ သူက ဆိုပါတယ်။ ခရီးသွားနေစဉ် တလျောက်လည်း လမ်းမှာတွေ့တဲ့ လူစိမ်းတွေဆီက အစားအသောက်၊ နေရေထိုင်ရေး အကူအညီတွေရခဲ့တယ်လို့ ဆိုပါတယ်။
Wakker ဟာ သူ့ခရီးစဉ်အကြောင်းကိုလည်း ကိုယ်ပိုင် ဘလော့ဂ်မှာ အချိန်နဲ့ တပြေးညီ တင်ပေးခဲ့ပါတယ်။ အီရန်နိုင်ငံ၊ မြို့တော် တီဟီရန်က အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းကို လေ့လာခဲ့တာတွေ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ကား စက်ပျက်ခဲ့တာတွေနဲ့ သြစတြေးလျနိုင်ငံက ကမ္ဘာ့အကျော်ကြားဆုံး Uluru ကျောက်ဆောင်ကြီးဆီ ရောက်ခဲ့တာတွေကို တင်ပေးခဲ့ပါတယ်။
အရှေ့ ဥရောပကနေ စတင်ခဲ့တဲ့ Wakker ရဲ့ ခရီးစဉ်ဟာ နယ်သာလန်၊ အီရန်၊ အိန္ဒိယ၊ အရှေ့တောင် အာရှ၊ သြစတြေးလျနဲ့ နောက်ဆုံး နယူးဇီလန် နိုင်ငံတွေထိအောင် မိုင်ပေါင်း ၆၂,၈၀၀ ကျော် ဖြတ်သန်း မောင်းနှင်ခဲ့ရတယ်လို့ သိရပါတယ်။
Ref. Reuters
You May Also Like These Story:
အသက် ၂၁ နှစ်အရွယ်နဲ့ ကမ္ဘာမှာ ရှိသမျှ နိုင်ငံအားလုံးကို လည်ပတ်ခဲ့တဲ့ အမျိုးသမီး
မွန်ဂိုလီးယားကနေ အင်္ဂလန်နိုင်ငံကို ကုလားအုတ် စီးပြီး ခရီးထွက်ခဲ့တဲ့ အမျိုးသမီး