ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေက ခရီးသွား ဧည့်သည်တွေကို ပိုမို များပြားလာစေဖို့အတွက် ထိုင်းရိုးရာ အနှိပ်ခန်းတွေနဲ့ ဆွဲဆောင်သွားမယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီး Pipat Ratchakijprakan က ထိုင်းမီဒီယာများကို ပြောဆိုခဲ့ပါတယ်။
ထိုင်းရိုးရာ အနှိပ်ခန်းတွေဟာ အမျိုးသားတွေအတွက် သီးသန့် ပြုလုပ်ပေးထားတာမျိုး မဟုတ်ဘဲ အမျိုးသမီးတွေ ကိုယ်တိုင်လည်း အနှိပ်ခံနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ထိုင်းလို “Nuat Phaen Thai” လို့ ခေါ်တဲ့ ထိုင်းရိုးရာ နှိပ်နယ်နည်းတွေဟာ အနာရောဂါကို ပျောက်ကင်းစေနိုင်တဲ့အပြင် အိန္ဒိယ အခြေခံရိုးရာတခု ဖြစ်တဲ့ ယောဂနည်းတွေနဲ့ စနစ်တကျ ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။
ထိုင်းရိုးရာ နှိပ်နည်းကို နောက်ထပ် ခေါ်လေ့ရှိတဲ့ နာမည်ကတော့ “Thai Yoga Massage” ပါ။ ထိုင်းလူမျိုးတွေရဲ့ အဆိုအရ ဒါဟာ ဆေးပညာတရပ်လည်း ဖြစ်ပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ် ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ရိုးရာအနှိပ်ခန်းပေါင်း ၉၁၃ ခန်း ရှိပါတယ်။ ဒါတွေဟာ တရားဝင် လိုင်စင်နဲ့ လုပ်ဆောင်နေကြတဲ့ အနှိပ်ခန်းတွေပါ။
၂၀၁၈ ခုနှစ်မှာတော့ ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြားရှိလာခဲ့ပြီး ၄,၂၂၈ ခန်းက ကျန်းမာရေးဝန်ကြီးဌာနက ပေးတဲ့ ဆေးလိုင်စင်ကို ရရှိထားပါတယ်။
ဒါကြောင့်လည်း ယခု အသစ် ခန့်အပ်ထားတဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်သူဟာ ကျဆင်းနေတဲ့ ဥရောပနဲ့ အမေရိက ခရီးသွားဈေးကွက်ကို ပြန်လည် တည့်မတ်စေဖို့အတွက် ထိုင်းရိုးရာ အနှိပ်ခန်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။
ဥရောပနဲ့ အမေရိကန်လို အနောက်နိုင်ငံသားတွေဟာ အခုအခါမှာဆိုရင် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မှု ယခင်ကထက် ကျဆင်းလာပြီး တခြားနိုင်ငံတွေကို ပိုမို လည်ပတ်လာကြပါတယ်။ ပတ္တရားနဲ့ ဖူးခတ်လို နေရာမျိုးတွေမှာတောင် မနှစ်က ထက်စာရင် ဇွန်လ အတွင်း စီးပွားရေး ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းခရီးသွားလုပ်ငန်းအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ထိုင်းရိုးရာ အနှိပ်ခန်းတွေနဲ့ ဆွဲဆောင်ဖို့ လုပ်ဆောင်လျက် ရှိနေပါတယ်။
Ref. forum.thaivisa.com , thethaiger.com
You May Also Like This Story:
ထိုင်းနိုင်ငံမှာ အနှိပ်ခံရင်း အနားယူကြမလား