အီသီယိုးပီးယားနိုင်ငံကို တရုတ်ခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်နိုင်ဖို့ အီသီယိုးပီးယား အစိုးရအနေနဲ့ နည်းလမ်းအမျိုးမျိုးသုံးပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
အီသီယိုးပီးယား နိုင်ငံအနေနဲ့ တရုတ်ခရီးသွားတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးစေချင်တဲ့ ဆန္ဒ ရှိနေပါတယ်။ ဒါကြောင့်လည်း ဟိုတယ်နဲ့ စားသောက်ဆိုင် လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နံှကြမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်နေတဲ့အကြောင်း အီသီယိုးပီးယား ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်တဲ့ Gezahegn Abate က ပြောပါတယ်။
“အီသီယိုးပီးယားနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အရေအတွက် တိုးလာတာတော့ အမှန်ပါပဲ။ ဒီနိုင်ငံမှာ ရေရှည် လည်ပတ်နိုင်ဖို့ သူတို့အတွက် အခက်အခဲ အမျိုးမျိုး ရှိနေပါတယ်။ အဓိက ကတော့ တရုတ်စားသောက်ဆိုင်တွေ အများကြီး မရှိသေးတာပါ။ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Addis Abada မှာ တရုတ်စားသောက်ဆိုင် အများအပြားကို အလွယ်တကူ မြင်တွေ့နိုင်မှာ ဖြစ်ပေမယ့် တခြားမြို့တွေမှာတော့ တရုတ်စားသောက်ဆိုင်တွေက မရှိသလောက်ပါပဲ”လို့ ဝန်ကြီး Abate က ပြောပါတယ်။
အီသီယိုးပီးယားနဲ့ တရုတ်နိုင်ငံအကြား ကောင်းမွန်တဲ့ စီးပွားရေး လုပ်ငန်းတရပ် ရှိလာစေဖို့ တရုတ်ခရီးသွားတွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆောင်ရွက်ပေးနိုင်ဖို့ လိုတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက တရုတ်နိုင်ငံနဲ့ ယဉ်ကျေးမှုဖလှယ်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ တရုတ်ခရီးသွားတွေအတွက် ပြည်တွင်းလေကြောင်းလိုင်းကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေသလို လေကြောင်းလိုင်းတွေမှာ တရုတ်ဘာသာစကား ကျွမ်းကျင်သူတွေ ထားရှိနိုင်အောင် ဆောင်ရွက်နေတယ်လို့ Abate က ပြောပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်းတွေ အနေနဲ့ တရုတ်နိုင်ငံရဲ့ ဘေကျင်း၊ ကွမ်ကျိုး၊ ရှန်ဟိုင်း၊ ချန်ဒူး နဲ့ ဟောင်ကောင်စတဲ့ နေရာတွေကို အဓိကထား ပြေးဆွဲနေပါတယ်။ အခုဆိုရင်တော့ ရှန်ကျန်းနဲ့ ချုံကင်းက ခရီးသည်တွေပါ အီသီယိုးပီးယားနိုင်ငံကို လာရောက် လည်ပတ်နိုင်ဖို့ လေကြောင်းလိုင်းတွေ တိုးချဲ့ပြေးဆွဲနေပါတယ်လို့ သူက ဆက်ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာဆိုရင် ၂၀၁၈ ခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံကို တရုတ်ခရီးသွားပေါင်း ၅၀,၆၂၆ ယောက် လည်ပတ်ခဲ့ပြီး ဝင်ငွေဒေါ်လာသန်း ၁၉၀ ရရှိခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံကို အဓိက လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေကတော့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံကဖြစ်ပြီး တရုတ်နိုင်ငံကတော့ တတိယနေရာက ရှိနေပါတယ်။
Ref. xinhuanet
You may also like these stories:
လေယာဉ်မပျက်ကျမီအထိ အီသီယိုးပီးယား လေကြောင်းလိုင်းသည် အာဖရိက အကောင်းဆုံးဖြစ်
ဇန်နဝါရီ ၇ ရက်နေ့မှာကျင်းပတဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ ခရစ်စမတ်ပွဲတော်