Travel

နေပြည်တော်ရောက်ရင် လည်ပတ်စရာတွေ

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။

များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။

ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။

ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို၊ မိုးလည်း ရန်ကုန်လောက် မများပေမယ့် နေသာထိုင်သာ ရှိအောင်သာ ရွာချတာကြောင့် စိတ်ပျက်လောက်အောင် စိုစွတ်မနေပါဘူး။ ဆောင်းရာသီ အဝင်မှာလည်း ရာသီဥတု အေးအေးကြောင့် ဆောင်းရာသီဆိုတဲ့ ဥတုအရသာကို ခံစားနိုင်ပါတယ်။ နွေရာသီကတော့ တမြို့လုံးမှာ ရောင်စုံပန်းတွေနဲ့ အတော် သာယာတယ်လို့ ဆိုရမှာပါ။

လေကောင်းလေသန့်ရပြီး၊ ရေကြီးရေလျှံမှုတွေ မရှိတာ၊ ကားကြပ်တည်းမှုတွေ မရှိတာနဲ့ နေပြည်တော်ဟာ အခုအချိန်မှာတော့ အေးအေးဆေးဆေး နေချင်သူတွေအတွက် မျက်စိကျစရာ နေရာဖြစ်စ ပြုလာပါပြီ။ ဒီတော့ နေပြည်တော်မှာ ခဏတဖြုတ် လာရောက်ကြတဲ့ သူတွေအတွက် သွားလာ လည်ပတ်စရာ နေရာတချို့ကို လမ်းညွှန် ပြောပြချင်ပါတယ်။

သဘာ၀ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်သူတွေ အတွက်၊ ဘာသာရေးနဲ့ ပတ်သက်ပြီး ရှေးဟောင်း ဘုရားတွေ လည်ပတ်ချင်သူတွေ အတွက်၊ ဓာတ်ပုံလှလှ ရိုက်ချင်ကြသူတွေ အတွက် ကိုယ်ကြိုက်နှစ်သက်ရာကို သွားရောက် လည်ပတ်နိုင်မှာပါ။

သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်မယ့် နေရာတွေ

လှေခွင်းတောင်၊ ပေါင်းလောင်းဆိပ်ကမ်း

လှေခွင်းတောင်ဆိပ်ကမ်း

လှေခွင်းတောင် ဆိုတာကတော့ နေပြည်တော်မှာ ရုံးပိတ်ရက်တွေမှာ အမြဲတမ်း လူစည်ကားနေတဲ့ နေရာတခုပါ။ ပျဉ်းမနားမြို့ကနေ ရန်ကုန်-မန္တလေး လမ်းဟောင်း (တပ်ကုန်းဘက်) ကို ထွက်တဲ့လမ်းမပေါ်မှာ ညာဘက်ခြမ်းက လှေခွင်းတောင် ဘုရားသို့ဆိုတဲ့ ဆိုင်းဘုတ်ရှိရာကို ချိုးကွေ့ဝင်ပြီး ၄ မိုင် ၄ ဖာလုံ ကားမောင်းရင် ပေါင်းလောင်း မြစ်ကမ်းဘေးက လှေခွင်းတောင်နေရာကို ရောက်ပါပြီ။ လှေခွင်း တောင်ပေါ် မှာတော့ ဘုရားတည်ထားတာ ရှိပြီး တောင်ခြေက ပေါင်းလောင်းမြစ်ကမ်း ကတော့ အလွန်သာယာတဲ့ နေရာတခု ဖြစ်ပါတယ်။ ပေါင်းလောင်းဆည်ကနေ စီးဆင်းလာတဲ့ ရေတွေက ကြည်လင် အေးမြနေပြီး ရေကူးလို့ ရတဲ့ နေရာလေးတွေ ရှိပါတယ်။

မြစ်ကမ်းတလျှောက် စားသောက်ဆိုင် လေးတွေရှိပြီး ဆိုင်လေးတွေဘေးကနေ မြစ်ရေ ဆင်းကူးလို့ရသလို၊ လှေစီးတာမျိုးလည်း ရပါတယ်။ သာယာတဲ့နေ့တွေ ဆိုရင် တောင်တွေတိမ်တွေနဲ့ လေကောင်းလေသန့်ရလို့ မြို့ပြနဲ့ ဝေးဝေး နေချင်သူတွေအတွက် သာယာတဲ့နေရာလေးပါ။

အဝေရာဆည် (ပေါင်းလောင်းဆည်) 

အဝေရာဆည်

ဒီအဝေရာဆည် ဆိုတာကတော့ ပေါင်းလောင်းဆည်ကိုပဲ နာမည်တမျိုးနဲ့ ခေါ်တာပါ။ ခုနက လှေခွင်းတောင် ဘက်ကနေ ဆင်းသွားပြီး မြစ်တောက်လျှောက် အောက်ဘက်မှာ ဆည်တမံကြီး လုပ်ထားတာကြောင့် ဆည်ရေကို အနီးအနားက လယ်ကွင်းတွေက ရယူပြီး စိုက်ပျိုးကြပါတယ်။

ဒီဆည် ရေတံခါးဖွင့်တဲ့အချိန်ဆို ဆည်အတွင်းမှာ ရေများပေမယ့် ဆည်ရေနည်းတဲ့ အချိန်ဆိုရင် ရေစပ်စပ်နဲ့ အင်မတန်လှတဲ့ ကျောက်တုံး ကျောက်ဆွယ်တွေနဲ့ သာယာတာရယ်၊ ဆည်ကြီးရဲ့ တည်ဆောက်ထားပုံ အလှအပတွေ ရယ်ကြောင့် အေးအေးဆေးဆေး တွေးငေးချင်သူတွေ အတွက် နေရာကောင်းပါ။

ဆည်ဘေးနားမှာ စားသောက်ဆိုင်တွေ ဘာတွေ မရှိတာကြောင့် သွားလည်မယ် ဆိုရင်တော့ ကိုယ့်ဟာကိုယ် စီစဉ်သွားတာ ကောင်းပါတယ်။ ဒီဆည်ကို သွားဖို့အတွက် လမ်းညွှန်ကတော့ ပျဉ်းမနားမြို့ကနေ မြို့ရှောင်လမ်းကိုသွား၊ အဲဒီကနေ ဘယ်ဘက်ခြမ်းမှာ ပျဉ်းမနား သကြားစက်ကို သွားတဲ့လမ်းကနေ တည့်တည့် သွားရင် နာရီဝက် ကျော်လောက် ကားမောင်းပြီးတဲ့အခါ ဆည်ရှိတဲ့ တောင်တန်းကြီးတွေ နားကနေ သွားရင် ရပါပြီ။

ဖိုးစောင်းတောင်တန်းက မောင့်ပလဲဆန့် ဟိုတယ်

နေပြည်တော်ရဲ့ အမြင့်ဆုံး တောင်တန်းနေရာဖြစ်တဲ့ ဖိုးစောင်းတောင်တန်း ကတော့ အရှည်ကြီးပါ။ ဒီ ဖိုးစောင်း တောင်ပေါ်ကိုတော့ ဥတ္တရမြို့နယ်ထဲကနေ သွားရပါမယ်။ ဒီတောင်တန်းရှည်ကြီးပေါ်က အမြင့်ဆုံးနေရာမှာ မောင့်ပလဲဆန့် ဟိုတယ် တည်ရှိနေပြီး အဲဒီနေရာကနေ မျှော်ကြည့်လိုက်ရင် နေပြည်တော်ကို အပေါ်စီး ကနေ မြင်ရပြီး အေးစက်နေတဲ့ လေအေးတွေကြောင့် အသက်၀၀ ရှူနိင်တဲ့အပြင် မြင်ကွင်းကိုလည်း အလှဆုံး မြင်နိုင်ပါလိမ့်မယ်။

ကော်ဖီတခွက်နဲ့ စာအေးအေး ဖတ်ချင်ရင်တော့ ဒီနေရာလေးမှာ ဟိုတယ် စားသောက်ဆိုင်ရှိပြီး ရေကူးကန်လည်း ရှိတာကြောင့် အနားယူချင်တယ်ဆို သွားလည်ပတ်လို့ ရပါတယ်။

ငလိုက်ဆည်ကမ်းခြေစခန်းနှင့် ဆင်စခန်း

နေပြည်တော်ကနေ ပျဉ်းမနား-တောင်ညို လမ်းမအတိုင်း ၁၆ မိုင်လောက် သွားရင်ပဲဖြစ်ဖြစ်၊ အမြန်လမ်း မိုင် ၂၂၀ ကနေပဲ ဝင်ဝင်၊ သွားလည်လို့ ကောင်းတဲ့နေရာက ဒီငလိုက်ဆည် စခန်းပါ။ Eco-Resort ပုံစံ ဖြစ်တာကြောင့် ငလိုက်ဆည်ကြီး ပေါ်ကနေ လှပတဲ့ရှုခင်းတွေ၊ စိတ်ချမ်းသာစရာ မြေယာရှုခင်း အပြင်အဆင်တွေ၊ ဘန်ဂလိုစတိုင် အခန်းလေးတွေနဲ့ ရီဆော့အပြင် ဆင်စခန်းလည်းရှိတာကြောင့် လည်ပတ်သူတွေအတွက် ပျော်စရာဖြစ်မှာပါ။

ဓာတ်ပုံအလှအပ ရိုက်ကူးချင်သူများအတွက် လည်ပတ်စရာများ 

နေပြည်တော် ရေပန်းဥယျာဉ်

နေပြည်တော် စတည်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဒီရေပန်းဥယာျဉ်ကတော့ အတွင်းမှာ ရေပန်းရောင်စုံ၊ သစ်ပင်ပန်းမန်ရောင်စုံ၊ မြေယာရှုခင်း ကောင်းကောင်းနဲ့ ပြင်ဆင်ထားတဲ့အတွက် အလှ ဓာတ်ပုံ ရိုက်ချင်သူတွေအတွက် သဘောကျစရာပါ။ သပြေကုန်း ရပ်ကွက်အနီး တည်ရှိပြီး ရာဇသင်္ဂဟလမ်းပေါ်နဲ့ ပျဉ်းမနား-တောင်ညို လမ်းတွေကနေ ဝင်ရောက်လို့ရပါတယ်။

ဆာဖာရီဥယျာဉ်

တောတွင်းက တိရစ္ဆာန်တွေရဲ့ သဘာဝအတိုင်း သွားလာနေတာကို လှည့်ပတ်ကြည့်ရှု နိုင်မယ့် ဒီ ဆာဖာရီ ဥယျာဉ်ကတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၊ တပ်ကုန်းဘက် သွားတဲ့အခြမ်းမှာ တည်ရှိပြီး ကျယ်ဝန်းတဲ့ မြေဧရိယာမှာ တည်ရှိနေတာကြောင့် လည်ပတ် လေ့လာသူတွေအတွက် ကြိုက်နှစ်သက်စရာပါ။

တိရစ္ဆာန်ဥယျာဉ် နေပြည်တော်

ဒီတိရစ္ဆာန်ဥယျာဉ် ကလည်း ဆာဖာရီဥယျာဉ်နဲ့ မနီးမဝေးမှာပဲ တည်ရှိပါတယ်။ နေရာကျယ်ဝန်းပြီး သွားလာ လည်ပတ်ရ အဆင်ပြေအောင် လုပ်ထားတာကြောင့် အစိုးရ ရုံးပိတ်ရက်တွေမှာ စည်ကားပါတယ်။ အတွင်းမှာလည်း လှပတဲ့ရှုခင်းတွေနဲ့ တိရိစ္ဆာန်လေးတွေ ရှိတာကြောင့် ဓာတ်ပုံရိုက်ချင်သူတွေ အတွက်ကော၊ ဗဟုသုတ ရှာချင်သူတွေ အတွက်ပါ အဆင်ပြေတာပေါ့။

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်- နေပြည်တော်

ဧက ၁၀၀၀ ကျော် ကျယ်ဝန်းပြီး မြန်မာတနိုင်ငံလုံးက ထင်ရှားကျော်ကြားတဲ့ အထိမ်းအမှတ်တွေကို ပုံစံတူ အသေးလေးတွေ ပြုလုပ်ထားတဲ့ ဒီနေရာကတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေပဲ သွားရပြီး သိုက်ချောင်း အရပ်မှာ တည်ရှိပါတယ်။ နေရာ ကျယ်ဝန်းလွန်းတာကြောင့် တနေကုန် လည်ပတ်ရင်တောင် မလုံလောက်အောင် သွားလည်ပတ် စရာတွေက များလွန်းပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အထိမ်းအမှတ် ပုံစံငယ်တွေ အကုန်ရှိပါတယ်။

တပ်မတော် စစ်သမိုင်းပြတိုက်

စစ်သမိုင်းပြတိုက်မှ ရဟတ်ယာဉ်ဟောင်းများ

ခုနက အမျိုးသား အထိမ်းအမှတ် ဥယျာဉ်နဲ့ မနီးမဝေးပါပဲ။ ရန်ကုန်-မန်းန္တလေး လမ်းဟောင်းကနေဆို ညာဘက်ခြမ်းကနေ ဝင်သွားရပါတယ်။ ဒီနေရာကတော့ ဓာတ်ပုံ ဝါသနာရှင်တွေရော၊ စစ်သမိုင်းတွေကို လေ့လာချင်တဲ့ သူတွေအတွက် တကယ့်ကို လည်ပတ်ချင်စရာ ကောင်းတဲ့ နေရာတခုပါပဲ။ ကြည်း၊ ရေ၊ လေ စစ်သမိုင်းဆိုင်ရာ ပြကွက်တွေကို အဆောက်အအုံ အတွင်းအပြင် ခင်းကျင်းထားတာကြောင့် သဘောကျစရာ စုံနေတာပါပဲ။ လေကြောင်း ပြကွက်မှာဆိုရင် ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ လေယာဉ်အစစ်တွေ၊ ရဟတ်ယာဉ်၊ ကုန်တင်ယာဉ်၊ ဖိုက်တာ တိုက်လေယာဉ် ပေါင်းစုံကို သမိုင်း အထောက်အထားနဲ့ တကွ ပြထားတဲ့အပြင်၊ ကြည်းပြကွက်မှာလည်း တင့်ကားတွေ ကုန်းကြောင်းချီရာမှာ သုံးခဲ့တဲ့ကားတွေပါ ပြသထားတာပါ။

တပ်မတော်စစ်သမိုင်းပြတိုက်

အတွင်း ပြကွက်တွေမှာလည်း ရှေးဘုရင်များ လက်ထက် စစ်ချီစစ်တက် နည်းဗျူဟာတွေ၊ အထောက် အထားတွေ အပြင်၊ ဒီနေ့ခေတ်စစ်တပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စနစ်တကျ ပြသ ထားတာကြောင့် တနေကုန် လေ့လာမယ်ဆိုရင် အတော် ဗဟုသုတ ရနိုင်သလို၊ ပုံလှလှလေးတွေလည်း ရနိုင်မှာ ဖြစ်ပါတယ်။

သူရဲကောင်းစစ်သည်ဗိမာန်

ဒီတပ်မတော် စစ်သမိုင်းပြတိုက် ဝင်းအတွင်းမှာပဲ တည်ရှိပြီး မြေယာရှုခင်း ကောင်းကောင်းနဲ့ တည်ဆောက် ထားတာကြောင့် ဒီစစ်သည် ဗိမာန်နေရာဟာ လွမ်းဆွေးစရာနဲ့ သဘာဝအလှ ပေါင်းစပ်ထားတဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာပါ။

ရာဇဌာနီလမ်းမကြီးဘေးက ချစ်သူလမ်းကြား

အပင်ရိပ်တန်းတွေနဲ့ သိပ်လှတဲ့ ဆိုင်ကယ်စီးနင်းသူတွေ အတွက် လမ်းကြားလေးကို နေပြည်တော် ရောက်ဖူးသူတိုင်း သိကြပါလိမ့်မယ်။ အုံ့ဆိုင်းနေတဲ့ အပင်ရိပ်တွေနဲ့ သာယာတဲ့ ဒီလမ်းကြားကို ချစ်သူ့ လမ်းကြားလို့ လူသိများပါတယ်။ ရာဇဌာနီ လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ဘယ်ခြမ်း၊ ညာခြမ်း နှစ်ဘက်စလုံးမှာ အပင်ရိပ်တွေနဲ့ လှပသာယာပြီး လမ်းပဲလျှောက်လျှောက်၊ စက်ဘီး၊ ဆိုင်ကယ်ပဲ စီးစီး သာယာလှပါတယ်။ မင်္ဂလာပွဲအကြို မင်္ဂလာမောင်နှံတွေ အတွက်တော့ ဓာတ်ပုံရိုက်ရတာ အကြိုက်ပေါ့။

ရှေးဟောင်း ဘုရားစေတီများ 

နေပြည်တော်မှာ ရှေးဟောင်းစေတီတွေ အင်မတန် များပြားလှပါတယ်။ တချို့နေရာတွေဟာ သမိုင်း အတိအကျတောင် မသိရနိုင်တဲ့ ဘုရားတွေပါ။ ဒီအထဲက သွားဖူးသင့်တဲ့ နေရာတွေကို ဖော်ပြပေးပါမယ်။

နေရောင်ပြအင်းဘုရား

မကြာသေးခင်ကပဲ ထီးတော်သစ် တင်ထားတဲ့ ဒီနေရောင်ပြ အင်းဘုရားဟာ ဒီဒေသမှာတော့ အတိတ် တဘောင်တွေနဲ့ နာမည်ကြီးတဲ့ဘုရား ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကျော် ထီးတော်မရှိပဲ တည်ရှိခဲ့ပြီးနောက်၊ ပြီးခဲ့တဲ့နှစ်ကမှ ထီးတော်နှစ်ကြိမ် ပြန်တင်ခဲ့ရတဲ့စေတီပါ။ ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးပါတယ်။ ရာဇဌာနီ လမ်းမကြီးကနေ နှင်းဆီပန်းအဝိုင်း ရောက်တဲ့အခါ ဘယ်ဘက်က ရန်ကုန် -မန်းန္တလေး လမ်းဟောင်းထဲ ချိုးကွေ့ဝင်ပြီး ဘယ်ဘက်ခြမ်းက မုခ်ဦးပေါက်ကနေ တည့်တည့် မောင်းဝင်သွားရင် ဘုရားခြေရင်း ရောက်ပါတယ်။

ဆင်ဖြူတောင်ဘုရား

ဆင်ဖြူတောင်- ကိုးခမ်းကြီးဘုရား

ဆင်ဖြူတောင်ဘုရားဟာ နေပြည်တော်ကနေတော့ သွားရတာ နည်းနည်းလှမ်းပါတယ်။ ပျဉ်းမနား သကြားစက်ဟောင်း လမ်းကပဲ သွားရပြီး အဝေရာဆည်ကို ကျော်ပြီးနောက် ရှမ်းပြည်ဘက် ရောက်သွားသလို ခံစားရစေမယ့် လမ်းမတွေကို ဖြတ်သန်းပြီးမှ ဆင်ဖြူတောင်ဘုရားကို ရောက်ပါတယ်။ ရှေးလက်ရာ စေတီဖြစ်ပြီး ကိုးခမ်းကြီး ဘုရားတန်စောင်းကလည်း အိုမင်း ယိုယွင်းနေတာ မြင်ရမှာပါ။

ရန်အောင်မြင် ရွှေလက်လှစေတီ

လယ်ဝေးမြို့ထဲမှာ တည်ရှိပြီး နေပြည်တော်ထဲကိုဝင်တဲ့ ရွှေပြည်တော်ဝင် လမ်းမကြီးကနေ ကံ့ကော် အဝိုင်းကိုပတ်၊ လယ်ဝေးမြို့ဘက် သွားတဲ့ ရာဇသင်္ဂဟ လမ်းမကြီးပေါ်မှာပဲ ရှိပါတယ်။ ရှေးဟောင်း ဘုရားတဆူ ဖြစ်ပြီး အဓိဌာန်ပြု ဆုတောင်းရင် အောင်မြင်တယ်လို့ နာမည်ရပါတယ်။

ညောင်ပင်ကြီးစုဘုရားများ 

ညောင်ပင်ကြီးစုဘုရားများ

နေပြည်တော်က ပုဂံဘုရားများဆိုပြီး နာမည်ကြီးပါတယ်။ ရှေးဘုရား စုစုလေးတွေဟာ ကုန်းဘောင်ခေတ် လက်ရာတွေလို့ ကျောက်စာ မှတ်တမ်းတွေအရ သိရပါတယ်။ ထန်းတောတွေ ကြားထဲမှာ တည်ရှိနေပြီး ရှေးလက်ရာ ဘုရားတွေဟာ အခုနှစ်ပိုင်းတွေမှ နာမည်ကြီးလာတာပါ။ ဒီဘုရားစုတွေကို သွားမယ်ဆိုရင် ရာဇဌာနီ လမ်းမကြီးနဲ့ ပျဉ်းမနား တောင်ညို လမ်းနှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းမကျယ်ကြီးကနေ ညောင်ပင်ကြီးစုရွာက ညောင်ပင်ကြီးစု ရှေးဘုရားများဆိုတဲ့ လမ်းညွှန်အတိုင်း သွားရင် ဘုန်းကြီးကျောင်း ဝင်းအတွင်းမှာ တည်ရှိနေပါတယ်။

ညောင်ပင်ကြီးစု (နေပြည်တော်ပုဂံဘုရားများ)

လက်လုပ်တောင် ရွှေနန်းသွင်း စေတီတော် 

ဒီလက်လုပ်တောင် ရွှေနန်းသွင်းစေတီဟာ ရာဇဌာနီ လမ်းမကြီးပေါ်မှာ တည်ရှိပြီး ဥပ္ပါတသိန္တိ စေတီကြီးနဲ့လည်း မနီးမဝေးမှာ တည်ရှိပါတယ်။ တောင်ကုန်းငယ်လေး ပေါ်မှာ တည်ရှိတဲ့ စေတီဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ မင်းအကြီးအကဲ အပေါင်းတို့ ကိုးကွယ်နေတဲ့ ဘုရားများစွာကို တွေ့ရပါတယ်။

အတွင်းမှာရှိတဲ့ ဘုရားရင်ပြင်တော် ပေါ်က အလှူရှင်များအမည်ကို ဖတ်ရှုရင် နေပြည်တော်ကို စတင် တည်ထောင်ခဲ့သူများ၊ တပ်အကြီးအကဲ နာမည်များ၊ လက်ရှိ အစိုးရအရာရှိကြီးများ အမည် အတော်များများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းမှာ ရှိတဲ့ ဘုရားများကို ဖူးမျှော်ရတာဟာလည်း မကိုဋ်၊ ဥသျှောင်များနဲ့ဖြစ်လို့ မင်းကိုးကွယ်တဲ့ အဓိဌာန်ပြည့် စေတီလို့လည်း ပြောကြပါတယ်။

ရန်အောင်ချမ်းသာဘုရားကြီး 

တည်လက်စ ရန်အောင်ချမ်းသာဘုရားကြီး

ဒီဘုရားကြီးကတော့ နေပြည်တော်မှာ အကြီးဆုံး ထိုင်တော်မူဘုရားကြီး ဖြစ်လာမှာပါ။ လက်ရှိမှာတော့ တည်ဆောက်ဆဲပါ။ ဒီဘုရားကြီးဟာ လယ်ဝေးမြို့နယ် သပြေပင်ရွာမှာ တည်ရှိပြီး ရန်ကုန်မှာ သီတင်းသုံးတဲ့ အဓိဌာန် ဆရာတော်က တည်တော်မူခြင်းဖြစ်ကာ ယဉ်ကျေးမှုမျိုးစုံ ပါဝင်နေတဲ့ လက်ရာတွေနဲ့ တည်ထား ပါတယ်။ ဘုရားကြီးရဲ့ ဉာဏ်တော်က ၁၃၈ ပေ ၈ လက်မ မြင့်မှာဖြစ်ပြီး ရခိုင်၊ မွန်၊ ရှမ်းနဲ့ မြန်မာ လူမျိုးများကို ကိုးစားပြုတဲ့ အထိမ်းအမှတ်အရုပ်များ၊ စေတီရံများ၊ အထိမ်းအမှတ် သတ္တဝါများကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုနေ့မှာ ဘုရားကြီးကို အနေကဇာတင် ဖွင့်လှစ်မှာဖြစ်ပါတယ်။ တည်ထားသူ ဆရာတော်ရဲ့ ၉ ဆူမြောက် ထိုင်တော်မူ ဘုရားကြီးဖြစ်ပြီး အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဒီဘုရားကြီးကို သွားဖူးချင်ရင်တော့ နေပြည်တော် လေဆိပ်နားကနေ မြို့ရှောင်လမ်းခွဲပေါ်ကို တက်ပြီး သပြေပင်ရွာအထိ သွားရမှာဖြစ်ပါတယ်။

မဟာသကျရံသီ စကျင်ကျောက်ဘုရားကြီး 

စကျင်ကျောက်နဲ့ ပြုလုပ်ထားပြီး မတ်ရပ်ကိုယ်တော်ကြီးအဖြစ် တည်ထားတဲ့ မဟာသကျရံသီ ဘုရားကြီးက ဖိုးစောင်းတောင် ခါးလည်မှာ တည်ရှိပါတယ်။ ဖိုးစောင်းတောင်တန်းပေါ်ကို ကွေ့တက်ပြီးတာနဲ့ ဒီဘုရားကြီး ရှိရာ ကျောင်းဆောင်ကို မြင်တွေ့ရမှာပါ။ နေပြည်တော်ကို အပေါ်စီးကနေလည်း မြင်တွေ့နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဂါယာပုံစံတူဘုရားများ

အိန္ဒိယနိုင်ငံနဲ့ နီပေါနိုင်ငံတို့က ဗုဒ္ဓဂါယာဒေသမှာရှိတဲ့ ဖွားပွင့်ဟောစံ နေရာလေးနေရာက စေတီဘုရားများ၊ အထိမ်းအမှတ်တွေကို ပုံစံတူ တည်ဆောက်ထားတဲ့ နေရာဖြစ်ပါတယ်။ နေရာကတော့ တပ်ကုန်းမြို့ ဘက်ကို ဥတ္တရသီရိမြို့နယ်ကနေ ဖြတ်ကျော်ပြီး သွားတဲ့ ရာဇသင်္ဂဟ လမ်းမကြီးပေါ်မှာပါ။ နေပြည်တော် ကနေတော့ အတော်လှမ်းပြီး တနေကုန် လှည့်လည် လည်ပတ်မှသာ နေရာစုံရောက်မယ့် နေရာဖြစ်ပါတယ်။

ဥပါ္ပတသန္တိစေတီတော်

နေပြည်တော်ရဲ့အထင်ကရ စေတီကြီးဖြစ်ပြီး ရာဇဌာနီလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ရွှေတိဂုံစေတီထက် ၁ ပေနိမ့်ပြီး ကုန်းမြင့်မှာ တည်ထားတာကြောင့် နေပြည်တော်ကို အပေါ်စီးကနေ မြင်တွေ့နိင်ပါတယ်။ ဆင်ဖြူတော် များကိုလည်း ဘုရားပရဝုဏ် အတွင်းမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

ပျဉ်းမနားမြို့က နာမည်ကြီး စေတီများကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဘုရားကိုးဆူ၊ လောကမာရဇိန်၊ ကိုးခမ်းကြီးဘုရား စသဖြင့် ရှေးဟောင်း စေတီများစွာ ဖူးနိုင်ပါတယ်။

ဒီ့အပြင် နေပြည်တော်က ဗဟုသုတ ရှာဖွေစရာ နေရာတွေထဲမှာ အမျိုးသားပြတိုက်၊ အမျိုးသား စာကြည့်တိုက်နဲ့ အမျိုးသားမော်ကွန်းတိုက် တို့ဟာလည်း လေ့လာစရာတွေ ပေါများတာကြောင့် အချိန်ယူပြီး လေ့လာမယ်ဆိုရင် သွားသင့်တဲ့ နေရာတွေထဲ ပါပါတယ်။

ဒီနေရာတွေကို ဖတ်ပြီးပြီဆိုရင်တော့ နေပြည်တော်မှာ ဘာမှ သွားစရာမရှိဘူးလို့ ထင်တဲ့သူတွေအတွက် အချိန်တွေတောင် လိုနေဦးမယ်လို့ ထင်ပါတယ်။

You may also like these stories:

အာရှဒေသရဲ့ အလှဆုံး တောင်ပေါ်မြို့ ၉ မြို့ စာရင်းဝင် ပြင်ဦးလွင်မြို့

အာရှမှာရှိတဲ့ အံ့သြလောက်ဖွယ် အလှဆုံးနေရာများ

အင်းလေးကန် အပါအဝင် အာရှရဲ့ အလှဆုံး ရေကန် ၄ ကန်

သရေခေတ္တရာက သုံးပန်လှတို့ဆီ

Did you find apk for android? You can find new Free Android Games and apps.
Loading