မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Asia Cross Country Rally 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့မော်တော်ကား အားကစားအသင်းဟာ ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီ ၅၅ မိနစ်မှာ အမြန်လမ်း ၀ မိုင်တိုင်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
၂၄ ကြိမ်မြောက်ကျင်းပတဲ့ Asia Cross Country Rally 2019 ပြိုင်ပွဲကို မြန်မာအသင်းအနေနဲ့ ပထမဆုံးအကြိမ်ပါဝင်တာဖြစ်ပြီး ကား ၄ စီး၊ ဆိုင်ကယ် ၂ စီး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကာ အထောက်အကူပြုယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး ၊ မီဒီယာယာဉ် ၁ စီး စုစုပေါင်း ယာဉ် ၁၄ စီး ပါဝင်ပြီး မြန်မာနိုင်ငံက ကားမောင်းသမား ၈ ဦး၊ ဆိုင်ကယ်မောင်းသမား ၂ ဦး နဲ့အတူ အခြား အကူလူတွေ အပါအဝင် စုစုပေါင်း ၃၈ ဦး ပါဝင်ပါတယ်။
ဒီပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် လက်ခံ ကျင်းပတာဖြစ်ပြီး မြန်မာမော်တော်ကား အားကစားသမားတွေ အနေနဲ့လည်း ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး ၂ ဦးလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ယာဉ်တွေကို စက်ပြင်ရုံ ၆ ရုံမှာ အလုပ်သမားပေါင်း ၃၀ ကျော်က ၁ လကျော် ပြင်ဆင်ခဲ့ကြရပါတယ်။ ယာဉ်တွေရဲ့ မြန်နှုန်းမြင့် စနစ်တွေကိုတော့ အမြင့်ဆုံးစနစ်အထိ မြှင့်တင်မထားဘဲ ရှုပ်ထွေးမှု အနည်းဆုံးနဲ့ ပြင်ဆင်ရ လွယ်ကူအောင် ပြုလုပ်ထားပါတယ်။
Asia Cross Country Rally (အာရှတွင်းနိုင်ငံ ဖြတ်ကျော် လမ်းကြမ်းမောင်းပြိုင်ပွဲ) ကိုတော့ ၁၉၉၆ ခုနှစ်ကနေ စတင် ကျင်းပခဲ့ပါတယ်။ ၂၀၁၉ ပြိုင်ပွဲကာလဟာ ၆ ရက်ကြာမြင့်မှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ၃ ရက်၊ မြန်မာနိုင်ငံမှာ ၃ ရက် စုစုပေါင်း ၆ ရက် မောင်းနှင်မှာပဲ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၄ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်မယ့် Asia Cross Country Rally 2019 မှာ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာက သိရှိစေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ မြန်မာအသင်းအနေနဲ့ကတော့ ပြိုင်ပွဲတလျှောက် ဘေးကင်းရေးကိုသာ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
နယ်မြို့လေးကတဆင့် တိုင်းပြည်ဂုဏ် ဆောင်ကြမယ့် ကိုရီးယားရောက် မြန်မာ ကျောင်းသားများ